ရန်ကုန် ၂၂ မတ် 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် စောင့်ကြည့်စင်တာ(သိမ်ဖြူ)ကို သိမ်ဖြူလက်ဝှေ့ရုံအတွင်း ပြင်ဆင်ထားရှိ ဆောင်ရွက်မှုအား ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ စစ်ဆေးခဲ့ကြသည်။

 

2359

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် ကူးစက်ခံရမှုမရှိသော်လည်း ကြိုတင်ကာကွယ်မှုနှင့် ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း စောင့်ကြည့်စင်တာများ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စောင့်ကြည့်စင်တာ(သိမ်ဖြူ)ကို သိမ်ဖြူလက်ဝှေ့ရုံအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိသည်။ အဆိုပါစင်တာနှင့် ပတ်သက်၍ တာဝန်ရှိသူ ဦးမိုးမြင့်အောင်က “ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် ပုဂ္ဂိုလ်များထဲကနေ စောင့်ကြည့်ဖို့လိုအပ်သူများကို စင်တာအတွင်း (၁၄)ရက်ခန့် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ လူ (၁၅၀)လောက် နေထိုင်နိုင်အောင် ပြင်ဆင်ပေးထားပြီးတော့ ဒီလိုစောင့်ကြည့်နေစဥ်အတွင်းမှာ နေ့စဥ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စဥ်ကာလအတွင်း အဆင်ပြေလုံခြုံမှုရှိရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်” ဟု ပြောကြားခဲ့သည်။

 

3823

 

အဆိုပါ စောင့်ကြည့်စင်တာအတွင်း ပြင်ဆင်ထားရှိမှုများအား အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပံ့ပိုးပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)