ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)အတွင်း အသံချဲ့စက်များဖြင့် လှည့်လည် နှိုးဆော်ခြင်းများကို ဇူလိုင် ၂၀ ရက်နံနက်ပိုင်းမှ စတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌဦးတင်မျိုးအောင်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများပူးပေါင်း၍ ရပ်ကွက်(၂၀)အတွင်း လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။ အဆိုပါ နှိုးဆော်ချက်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်း မှာသာ နေထိုင်ပေးကြရန်၊ ဧည်သည့်လက်ခံခြင်း မပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ အပြင်ထွက်ချိန်တိုင်း Mask ကိုစနစ် တကျတပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီး တိုင်း လက်ကိုစက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူစုလူဝေးနှင့် စျေးဝယ် ထွက်ခြင်းများ ရှောင်ကျဥရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ် ပြသကြရန် စသည်ဖြင့်ပါဝင်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေမှာ ဇူလိုင် (၂၀) ရက်နေ့အထိ (၂၇၂) ဦးရှိခဲ့ပြီး သေဆုံးသူဦးရေမှာ (၂၄) ဦးရှိခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရ သည်။
မြို့နယ် (ပြန်/ဆက်)


