ဇန်နဝါရီ ၁၂

မွန်ဂိုလီးယားနိုင်ငံအရှေ့ပိုင်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ကလေးနှစ်ဦးအပါအဝင် မိသားစုလေးဦးသည် ၎င်းတို့၏ကားအတွင်းပိတ်မိနေရာမှသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးခဲ့သူများသည်  မိသားစုတစ်စုမှမိသားစုဝင်များဖြစ်ကြောင်း၊ Sukhbaatar ပြည်နယ် Dariganga ဒေသမှ ကျေးလက်ဒေသရှိ ၎င်းတို့၏နေအိမ်သို့ပြန်ရာလမ်းတွင် ဆီးနှင်းများကျဆင်းမှုကြောင့် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏အလောင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ကားအတွင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဆိုင်ရာအေဂျင်စီအဖွဲ့က ပြောကြားသည်။

ယခုနှစ်ဆောင်းရာသီတွင် မွန်ဂိုလီးယားနိုင်ငံ၏ပြည်နယ်အားလုံးနီးပါးသည် ရာသီဉတုဆိုးရွားပြင်းထန်လာပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် လက်ရှိအချိန်အထိ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသည်ဟု ရာသီဉတုစောင့်ကြည့်ရေးဆိုင်ရာအေဂျင်စီက ဆိုသည်။

လာမည့်ရက်များအတွင်း မွန်ဂိုလီးယားနိုင်ငံတွင် နှင်းမုန်တိုင်းများနှင့် ဆီးနှင်းများထူထပ်စွာကျဆင်းနိုင်ပြီး လေတိုက်နှုန်းသည် ပျမ်းမျှအားဖြင့် တစ်စက္ကန့်လျှင် ၁၈ မှ ၂၄ မီတာသို့ရောက်ရှိမည်ဟု ယူဆရကြောင်း ထိုအေဂျင်စီကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို