ဇန်နဝါရီ ၂၅

မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် Ulaanbaatarတွင် ယမန်နေ့မနက်အစောပိုင်းက ဓါတ်ငွေ့ရည် တန် ၆၀ သယ်ဆောင်လာသော ဆီသယ်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံးပြီး အခြား ဆယ်ဦးအထက် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် မြို့တော် Ulaanbaatarရှိ Bayanzurkh ခရိုင် အရှေ့တောင်ပိုင်း လမ်းမပေါ်တွင် ဒေသစံတော်ချိန် မနက် ၁ နာရီ ၇ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် ယာဉ်အစီးရေ ၃၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး အနီးဝန်းကျင်ရှိအဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ၎င်းအေဂျင်စီက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ယင်းပေါက်ကွဲမှုတွင် ခြောက်ဦးသေဆုံးခဲ့သည်ဟု မီဒီယာတွင် ကနဦးသတင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို