ဩဂုတ် ၇

မွန်ဂိုလီးယားနိုင်ငံအနောက်ပိုင်းတွင် မိုးကြိုးပစ်ခံရသဖြင့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦးတို့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။

အဆိုပါမိုးကြိုးပစ်ခံရမှုသည် ဩဂုတ်လ ၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အရေးပေါ်ဆိုင်ရာအေဂျင်စီက ဆိုသည်။

ဒဏ်ရာရသူတစ်ဦးကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဆေးရုံတွင်ကုသမှုခံယူလျက်ရှိကြောင်း ဖော်ပြထားသည်။

လာမည့်ရက်များအတွင်း မွန်ဂိုလီးယားနိုင်ငံ၏နေရာအနှံ့အပြားတွင် အထူးသဖြင့် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ပြည်နယ်များတွင် မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ကြရန် ထိုအေဂျင်စီက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို