မြန်လင်းမောင်

 

မွန်ဂိုလီးယားနိုင်ငံ ခုဗ်စကူးရေကန် အမျိုးသားဥယျာဉ်ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ကမ္ဘာ့ဇီဝအသိုက်အဝန်း ကွန်ရက်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း မွန်ဂိုလီးယား သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန်လဒုတိယပတ်တွင် ထုတ်ပြန်သည်။

 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဇွန် ၁၄ နှင့် ၁၅ ရက်က ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် လူသားနှင့် ဇီဝအဝန်းနယ်မြေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကောင်စီ အစည်းအဝေးတွင် ခုဗ်စကူးရေကန် အမျိုးသားဥယျာဉ်ကို ကမ္ဘာ့ဇီဝအသိုက်အဝန်း ကွန်ရက်နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ခုဗ်စကူးရေကန်သည် ရုရှားနိုင်ငံ နယ်စပ်အနီးရှိ မွန်ဂိုလီးယားနိုင်ငံ ခုဗ်စကူးပြည်နယ်တွင် တည်ရှိသည်။ အဆိုပါရေကန်သည် အရှည် ၁၃၆ မီတာ၊ အနက် ၂၆၂ မီတာရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၄၅ မီတာအမြင့်တွင် တည်ရှိကာ မွန်ဂိုလီးယား နိုင်ငံရှိ ရေချိုအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ စုစုပေါင်း ရေချိုအရင်း အမြစ်၏ ၀ ဒသမ ၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ယခုအခါ မွန်ဂိုလီးယားနိုင်ငံ၌ အဆိုပါ ရေကန်အပါအဝင် ဇီဝအဝန်း ကွန်ရက်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် နေရာကိုးခု ရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ မြန်မာနိုင်ငံ၏ ပထမဆုံးလူသားနှင့် ဇီဝအဝန်း နယ်မြေတစ်ခုအဖြစ် ၂၀၁၅ ခုနှစ် ဇွန် ၉ ရက်က ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသကို လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး ရေချိုကန်ဖြစ်သည့် အင်းတော်ကြီးကန်ဒေသကို ဒုတိယမြောက် ယူနက်စကို ဇီဝအဝန်းနယ်မြေ အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ အင်းလေးကန်နှင့် အင်းတော်ကြီးကန်ဒေသတို့သည် ဇီဝ မျိုးစုံမျိုးကွဲများအတွက် အရေးပါလှသည့် ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ် ခံထားရသည့် နေရာများလည်း ဖြစ်သည်။

 

ယူနက်စကိုက လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်ကို ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လူသားနှင့်ဇီဝအဝန်း ကွန်ရက်အစီအစဉ်ကိုလည်း လူသားနှင့် သဘာဝ ပတ်ဝန်းကျင်တို့အကြား ဆက်နွှယ်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ၁၉၇၆ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများရှိ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ တည်ရှိမှုအခြေအနေ ထူးခြားကောင်းမွန် သည့် နေရာဒေသများတွင် လူသားများ၏ ယှဉ်တွဲနေထိုင်မှုနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍကြီးသုံးရပ်တို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ဇီဝအဝန်း နယ်မြေများအဖြစ် သတ်မှတ်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက် သည့်အစီအစဉ်များဖြစ်သည်။ 

 

၂၀၂၂ ခုနှစ်အထိ ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၄ နိုင်ငံရှိ နယ်နိမိတ် ဖြတ်ကျော်ပါဝင်သည့် ဒေသ ၂၂ ခု အပါအဝင် ကမ္ဘာလုံးဆိုင်ရာလူသားနှင့် ဇီဝအဝန်းကွန်ရက်နယ်မြေ ၇၃၈ ခုအထိ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သည်။