မြင်းခြံ ၁၃ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၉)ရပ်ကွက် မြင်းခြံ-ညောင်ဦး-မိတ္ထီလာ လမ်းဆုံနေရာ၌ မီးပွိုင့်တပ်ဆင်ရန်အတွက် ထရန်စဖော်မာနှင့် မီးကြိုးဓာတ်တိုင်များ ပြောင်းရွှေ့တပ်ဆင်ခြင်းကို မေလ ၁၂ ရက် နံနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြင်းခြံ-ညောင်ဦး-မိတ္ထီလာ လမ်းဆုံနေရာ၌ မီးပွိုင့်တပ်ဆင်ရေးနှင့် ယာဉ်အသွားအလာ အဆင်ပြေချောမွေ့စေရန် လမ်းချဲ့ခြင်းလုပ်ငန်းအနေဖြင့် မြင်းခြံမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေ ဦးဆောင်၍ ဝန်ထမ်း ၁၂ ဦးဖြင့် ဓာတ်တိုင် ၅ တိုင်နှင့် ထရန်စဖော်မာအား မူလနေရာမှ ပြောင်းရွှေ့ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
လုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းနိုင်စေရေးအတွက် မြင်းခြံမြို့ယာဉ်ထိန်းတပ်ဖွဲ့များကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ မြင်းခြံ-ညောင်ဦး-မိတ္ထီလာ လမ်းဆုံနေရာ၌ မီးပွိုင့်တပ်ဆင်နိုင်ရန် အတွက် အလှူရှင် ဒေါ်ခင်ဌေးရီ(ကျောက်စိမ်းမိသားစု)က လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံ-ညောင်ဦး-မိတ္ထီလာ လမ်းဆုံနေရာသည် မြို့နယ်အတွင်းရှိကျေးရွာများမှ မြို့သို့လာရောက်ခြင်း၊ မန္တလေးမြို့မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုမြို့ပုဂံ သို့လာရောက်သည့်အခါ ဖြတ်သန်းသွားလာရသည့်နေရာဖြစ်၍ ယာဉ်အသွားအလာများပြားခြင်း တို့ကြောင့် မီးပွိုင့်တပ်ဆင်ပါက ယာဉ်အန္တရာယ်ကင်းရှင်းကာထိခိုက်မှုများ လျော့နည်းသွားစေမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


