မြင်းခြံ ၄ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံဒီဂရီကောလိပ်ရှိ Quarantine Centre အဆောင်သွားရာ လမ်းတစ်လျှောက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဇွန် ၄ ရက် နံနက် ၇ နာရီ ခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံဒီဂရီကောလိပ်ရှိ Quarantine Centre အဆောင်သွားရာ လမ်းတစ်လျောက်တွင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်များနှုတ်ခြင်း၊ အမှိုက်ကောက်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ရခြင်းမှာ မြင်းခြံဒီဂရီကောလိပ်တွင် Quarantine Centre အဖြစ် ထားရှိပေးသောကြောင့် ကျောင်းအုပ်ဆရာကြီး ဒေါက်တာမောင်မောင်အား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Quarantine Centre အဆောင်သွားရာ လမ်းတစ်လျှောက်တွင် ယခုလိုသန့်ရှင်းရေးများ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ဒေါ်မြတ်မြတ်မိုးက ပြောသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ မြင်းခြံခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယ ခရိုင်မှူး ဒေါ်မြတ်မြတ်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင် (၃၅) ဦး၊ BURMESE-21 ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


