မန္တလေး ၂၈ ဒီဇင်ဘာ

 

ရန်ကုန်-မန္တလေး အမြန်လမ်းဘေး၊ မိုင်တိုင်အမှတ် ၃၃၀ အရှေ့ဘက် ပေ ၁၅၀ဝ အကွာရှိ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်ကျေးရွာအုပ်စုအတွင်း၌ သံခေတ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဆိုင်ရာ ရုပ်ကြွင်း ၈ ခုအား တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောသည်။

 

အဆိုပါတူးဖော်မှုလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) အရာထမ်း၊ အမှုထမ်းများမှ နိုဝင်ဘာ ၂၀ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစတင်ပြီး တစ်ပတ်အတွင်း၌ပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ဝ ကျော်က ထွန်းကားခဲ့သည့် မြန်မာ့သံခေတ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဆိုင်ရာ ရုပ်ကြွင်းများနှင့်အတူ သံခေတ်ယဉ်ကျေးမှု ဓလေ့အရ မြှုပ်နှံထားသည့် သံခေတ်အသုံးအဆောင် သံလက်နက်များ၊ မြေထည်ပစ္စည်းများနှင့် ပုတီးစေ့များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

“အခုလို သံခေတ်ရုပ်ကြွင်း ၈ ခုနဲ့ သံခေတ် အသုံးအဆောင်ပစ္စည်းတွေကို ဖော်ထုတ်တွေ့ရှိခြင်းအားဖြင့် မြန်မာ့ရေမြေဒေသမှာ ရှေးဦးမြန်မာလူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော် မြို့ပြမတည်မီကတည်းက အစောဆုံးနေထိုင်ခဲ့ကြပြီး သံခေတ်ယဉ်ကျေးမှု လူအဖွဲ့အစည်းတွေ ထွန်းကားခဲ့တယ်ဆိုတာကို အခုတွေ့ရှိခဲ့တဲ့ အထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသနိုင်တော့မှာ ဖြစ်တဲ့အတွက် မြန်မာ့သမိုင်းမှာ အမျိုးဂုဏ်ဇာတိဂုဏ်တွေ ပိုမိုထွန်းပြောင်စေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောသည်။

 

အဆိုပါတွေ့ရှိခဲ့သည့် ရုပ်ကြွင်းများအား လာမည့်တစ်ပတ်အတွင်း သဲဖုံးခြင်း၊ ပလတ်စတစ် အုပ်မိုးခြင်းနှင့် မြေကြီးဖုံးအုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည့်အပြင်  တူးဖော်တွေ့ရှိခဲ့သည့်နေရာအား သံခေတ်ယဉ်ကျေးမှု လူအဖွဲ့အစည်း ထွန်းကားရာဒေသအဖြစ် အမှတ်အသားကျောက်တိုင် စိုက်ထူကာ နယ်နိမိတ်သတ်မှတ်၍ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဦး၊ သံခေတ်နှောင်း(ခေါ်)ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များ ထွန်းကားခဲ့ရာ ရှေးဟောင်းဒေသများရှိ သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများအား ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- Aung Min