မြင်းခြံ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ကျေးရွာ (၁၁) ရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာ ဘတ်ဂျက်ကာလအတွင်း ပြည်ထောင်စု ရန်ပုံငွေစုစုပေါင်း ကျပ် ၂၃၄ ဒသမ ၂၁ သန်းဖြင့် ကျေးလက်ရေရှိရေး (မူလ) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ငါန်းဇွန်မြို့နယ် သပြေကန် ကျေးရွာတွင် အကျယ် ၄ လက်မ အနက် ၆၀၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ရေလည်သောင် (န) ကျေးရွာတွင် အကျယ် ၄ လက်မ အနက် ၄၀၀ ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် (၅၀၀၀) ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ တောင်သာမြို့နယ် ကျောက္ကာတောင်ကုန်းနှင့် အေးချမ်းသာ ကျေးရွာတို့တွင် အကျယ် ၄ လက်မ အနက် ၄၀၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အောင်သပြေကျေးရွာတွင် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်၊ ဂါလန် (၅၀၀၀) ဆံ့ ရေသန့်စနစ်ပါ အုတ်ရေကန်၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း၊ နွားထိုးကြီးမြို့နယ် ထနောင်းပင်လဲ၊ မျက်ရှုကျေးရွာတို့တွင် အကျယ် ၄ လက်မ အနက် ၅၀၀ ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများ၊ သင်းတရားကျေးရွာတွင် အကျယ် ၄ လက်မ အနက် ၄၀၀ ပေ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ မြင်းခြံမြို့နယ် ဂွေးတောက်ပင်၊ တောရိုးနှင့် ရွာသာယာကျေးရွာတို့တွင် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဂျုပ်ပင်ကျေးရွာတွင် အကျယ် ၄ လက်မ အနက် ၄၀၀ ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအား ဒီဇင်ဘာလမှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများရှိ တာဝန်ရှိသူများမှ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၎င်းကျေးရွာများရှိ အကျိုးပြုအိမ်ခြေ (၂၆၂၄)နှင့် လူဦးရေ (၁၃၂၂၃) ဦးတို့အတွက် နွေရာသီသောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ခရိုင်ကျေးလက် ဦးစီးမှူး ဒေါ်ကြည်ကြည်မာထံက သိရသည်။
ချစ်ဦးကို


