မြင်းခြံ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ မြို့နယ်များအတွင်း၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၇၈ ဒသမ ၃၇၈ ကျပ်သန်း အသုံးပြု၍ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးလုပ်ငန်း(၁၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်မြို့နယ်၌ တောင်ကုန်း၊ မြင်သာ၊ ဝေပုလ္လ ကျေးရွာသုံးရွာတို့၌ လည်းကောင်း၊ တောင်သာမြို့နယ်၌ ရွှေပြည်သစ် (မြိုင်သာယာတောတိုက် အနောက်ပိုင်း)၊ အုတ်ရှစ်ပင် (ရွှေကျင်တောတိုက်)၊ ရထားကုန်း ကျေးရွာသုံးရွာတို့၌ လည်းကောင်း၊ နွားထိုးကြီးမြို့နယ်၌ အောင်းပန်းကုန်း၊ ညောင်ပင်သာ၊ ကျောင်းကန်ကြီးပင် ကျေးရွာသုံးရွာ၌လည်းကောင်း၊ မြင်းခြံမြို့နယ်၌ ကျောက်ရံ၊ ‌ညောင်ပင်၊ သညက္ကံ ကျေးရွာသုံးရွာ၌လည်းကောင်း စုစုပေါင်းကျေးရွာ (၁၂)ရွာ၌ ကျေးလက်ဒေသ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း (၁၂)ခုကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၇၈ ဒသမ ၃၇၈ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း (၁၂)ခုကို ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ ၁၈၈၇ အိမ်၊ လူဦးရေ ၈၄၉၃ ဦးနှင့် ကျွဲ၊ နွား စသည့် တိရစ္ဆာန်များအား သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ 

စိုးမိုးကျော်