မြင်းခြံ ဩဂုတ် ၁၃

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်အတွင်းရှိ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့၌ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

တောင်သာမြို့နယ် ကျေးလက်ဦးစီးဌာနတွင် အခြေခံစက်ချုပ်သင်တန်းအား မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သင်တန်းကာလ သုံးလကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့သည်။ အလားတူ နွားထိုးကြီးမြို့နယ် ကျေးလက်ဦးစီးဌာနတွင်လည်း ပန်းရန်သင်တန်းအား မေလအတွင်း သင်တန်းသား ၂၀ ဖြင့် သင်တန်းကာလ ၁၆ ရက်နှင့် ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်ခြင်းသင်တန်းအား ဇူလိုင်လအတွင်း သင်တန်းသူ ၂၀ ဖြင့် သင်တန်းကာလ ၁၅ ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်နှစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း သုံးကြိမ် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နောင်လာမည့် ဘဏ္ဍာနှစ်များတွင်လည်း ယခုကဲ့သို့ ဒေသခံလူငယ်များအတွက် အမှန်တကယ်အကျိုးရှိမည့် သင်တန်းများကို ဦးစားပေးရွေးချယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြင်းခြံခရိုင် ကျေးလက်ဦးစီးမှူး ဒေါ်ကြည်ကြည်မာထံမှ သိရသည်။


ချစ်ဦးကို