မြင်းခြံ  ၁၁  ဇန်နဝါရီ 

 

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများ တစ်နိုင်ငံလုံးအနှံ့ရှိကြသလို ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ပြန့်ပွားအောင် ဆောင်ရွက်ကြသော သံဃာတော်အရှင်သူမြတ်များလည်း ရှိကြသည်။ ထိုသံဃာတော်အရှင်သူမြတ်များကို ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းမှုများထဲမှ မြင်းခြံမြို့ ပုညသဟာယ ဆွမ်းလောင်းအသင်းကြီးသည် စတင်တည်ထောင်သည်မှစ၍ နေ့စဉ်မပျက်မကွက် အရုဏ်ဆွမ်းများကို ဆက်ကပ်လှူဒါန်းလာခဲ့သည်မှာ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ၃၅ နှစ်ပြည့် ကျောက်စိမ်းရတုသို့ ရောက်ရှိ တော့မည် ဖြစ်သည်။ 

 

မြင်းခြံမြို့၏ ပုညသဟာယ ဆွမ်းလောင်းအသင်းကို မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဘိဓဇ မဟာရဌဂုရုဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ အရှင်သူမြတ်မှ (၇.၁.၁၉၈၄) နေ့တွင် သြဝါဒပေး၍ ကိုယ်တော်တိုင်အသင်းအမည် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပုညသဟာယဆွမ်းလောင်းအသင်းစတင်သည်မှ စ၍ နေ့စဉ်နံနက် အရုဏ်ဆွမ်းများကို လောင်းလှူလာခဲ့သည်မှာ ရက်ပျက်မရှိလောင်းလှူခဲ့ကြသည်။ စတင် လောင်းလှူခဲ့စဉ်မှ ၂၀၁၃ ခုနှစ်အထိ နေ့စဉ်သံဃာတော်အရှင်သူမြတ်အပါး ၁၀ဝ၀ ကျော်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားဆွမ်းလောင်းအသင်းများ ပေါ်ပေါက်လာခြင်း၊ သံဃာတော်အရှင်သူမြတ်များ နည်းပါးလာ ခြင်းတို့ကြောင့် ယခုအခါအပါး ၅၀ဝ ပတ်ဝန်းကျင်သာလောင်းလှူခဲ့ရသည်။ ပုညသဟာယဆွမ်းလောင်းအသင်း တွင် ထာဝရပဒေသာပင်များ စိုက်ထူထားခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် အသင်းထောက်များရှိ၍ အပတ်စဉ် ဥပုဒ်နေ့တိုင်း ဆွမ်းဆန်စိမ်းအလှူခံကြပြီး အသင်းသို့လာရောက်ပို့ဆောင်ပေးကြသည်။ ပုညသဟာယဆွမ်း လောင်းအသင်းတွင် ဆွမ်းလောင်းလှူမည့်ကုသိုလ်ရှင်များ တစ်နှစ်ပတ်လုံးနီးပါးရှိပြီး၊ တစ်နှစ်လုံးတွင် ၁၅  ရက် ခန့်သာအလှူရှင်လစ်လပ်ပြီး ထို့နေ့၌ အသင်းမှ လောင်းလှူပေးခြင်းဖြစ်သည်။ အရုဏ်ဆွမ်းအလှူရှင်များအနေ ဖြင့် လာရောက်လှူသူတိုက်ဆိုင်ပါက နေရာ ၂  ခု စီစဉ်ပေးကာ အလှူရှင်များ စိတ်ချမ်းသာအောင် စီစဉ်ဆောင် ရွက်ပေးကြသည်။ မိုးရာသီအခါ မိုးရွာသွန်းပါက ဘုန်းတော်ကြီးကျောင်းတိုက်များမှ ကပ္ပိယများလာရောက်ပါက ကျောင်းရှိ ဝါဆိုသံဃာစာရင်းအတိုင်း လောင်းလှူပေးကြသည်။ 

 

မြင်းခြံမြို့ ပုညသဟာယဆွမ်းလောင်းအသင်း၏ ၃၅ နှစ်ပြည့် ကျောက်စိမ်းရတုအဖြစ် ဆွမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၇  ရက်  နံနက် ၅  နာရီ မိနစ် ၅၀ အချိန်တွင် ပြုလုပ်မည်ဖြစ်ရာ သံဃာတော်အရှင် သူမြတ်များအား ဖိတ်ကြားစာများပေးပို့ခဲ့ရာ ယခုနှစ်တွင် သံဃာအပါး ၁၄၀ဝ ခန့်ရှိကြောင်းနှင့် ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းလောင်းလှူပြီး စာရေးတံမဲများကိုလည်း မဲဖောက်လှူဒါန်း သွားမည်ဖြစ်သဖြင့် လာရောက်၍ သဒ္ဓါတရားထက်သန်စွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း သိရှိရသည်။ 

 

ဇော်မင်းနိုင် (မြင်းခြံ)