မြင်းခြံ ဇူလိုင် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အဆင့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ မြင်းခြံမြို့နယ် အထက(တလုပ်)၊ အထက-ခွဲ(အနိမ့်)၊ အလက-ခွဲ(လယ်သစ်) ကျောင်းအုပ်ဆရာကြီး ကျောင်းအုပ်ဆရာမကြီးတို့က အာဇာနည်ကိုးဦး၏ အကြောင်းတို့ကို ဟောပြောကြသည်။ ယင်းနောက် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့သည်။

 

ကျော်စွာ(မြင်းခြံ)