မြင်းခြံ စက်တင်ဘာ ၁၅

                       

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို စက်တင်ဘာလ ၁၅ ရက် နံနက် (၉) နာရီမှ စတင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းခြံ မြို့ အမှတ်(၁) ရပ်ကွက်တွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

                       

အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေနှင့် မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးစောလှမောင်နှင့် ဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲဝန်ထမ်းများနှင့် အမှတ် (၁) ရပ်ကွက်အတွင်းရှိ အသက် (၁၆) နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်း ပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများ ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် မြို့ပေါ်ရပ်ကွက်များရှိ အသက် (၁၆) နှစ် ပြည့်ပြီးသူ နိုင်ငံသားအရည်အချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                           

ကျော်စွာ(မြင်းခြံ)