မြင်းခြံ ၂၀ ဇန်နဝါရီ
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက် ၉ နာရီက မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချသော သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ကြားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် သင်တန်းသားများအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများမှ အသင်းသား ၃၀ တက်ရောက်ကြပြီး သင်တန်းကာလ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းကို မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးက ပြောသည်။
ဇော်မင်းနိုင်(မြင်းခြံ)