မြင်းခြံ ၁၂ မေ 


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ခေါင်းကွဲကျေးရွာ အနောက်ဘုန်းကြီးကျောင်းတွင် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က အရုဏ်ဆွမ်းချက်ရာ မီးဖိုမှတစ်ဆင့် မီးလောင်မှုကို ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

1

 


အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ် ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၈) စီး၊ ရေသယ်ယာဉ် (၅) စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် (၂) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဘုန်းကြီးကျောင်းရှိ သံဃာတော် ဦးဝိသုတအရုဏ်ဆွမ်း ချက်ရာမှတစ်ဆင့် အဆောက်အဦသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် ပေ (၈၀x၄၀) ပျဉ်ထောင်၊ သွပ်မိုး၊ အုတ်ခင်း၊ နှစ်ထပ်ကျောင်းဆောင် (၁) လုံး၊ ပေ (၄၀x၃၀) ပျဉ်ထောင်၊ သွပ်မိုး၊ အုတ်ခင်း (၁) လုံး၊ ပေ (၂၀) ပတ်လည် သွပ်မိုး၊ ထရံကာ မြေစိုက် (၁) လုံး၊ ပေ (၁၅x၁၀) ပျဉ်ထောင်၊ သွပ်မိုး၊ အုတ်ခင်း၊ မီးစက်ထားရာအဆောက်အဦ (၁) လုံး စုစုပေါင်းတန်ဖိုးကျပ် ၆၃၀ဝ၀ဝ၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် သံဃာတော် ဦးဝိသုတအား မြင်းခြံမြို့ နယ်မြေရဲစခန်းမှ (ပ) ၁၀၉/၂၀၁၉ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။


ဦးဇော်မင်းနိုင် (မြင်းခြံ)