မြင်းခြံ ၁၆ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ သာပေါင်းမြစ်ရေတင် ဧရိယာ အတွင်း စိုက်ပျိုးရေအသုံးချလျက်ရှိသော တောင်သူများအတွက် ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေသုံးစွဲသူများအသင်း(WUA) ဖွဲ့စည်းခြင်းကို မြင်းခြံမြို့နယ် သာပေါင်းမြစ်ရေတင် ရှင်းလင်းဆောင်တွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
“ယခုလို ရေအသုံးချသူများအဖွဲ့(WUG) နှင့် ရေသုံးစွဲသူများအသင်း(WUA) ဖွဲ့စည်းရခြင်းမှာ လယ်ကြားရေသွင်းမြောင်းတစ်ခုမှ မြစ်ရေသောက် တောင်သူအချင်းချင်း အဖွဲ့ အစည်း စိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ မြစ်ရေပေးဝေမှု စီမံခန့်ခွဲမှုခြင်း လုပ်ငန်းစဉ်များနှင့် မြစ်ရေတင်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို မြစ်ရေ သောက်တောင်သူများ ကောင်းစွာသိရှိ နားလည်ပြီး ဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး၊ ရေပေးရေယူအခက်အခဲများ ပူးပေါင်းဖြေရှင်းနိုင်စေရေး၊ မြစ်ရေရယူသော တောင်သူများ မိမိတို့ စိုက်ပျိုးဧရိယာအတွင်း ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပါဝင်စီမံ နိုင်စေရေးစသည့် အချက်များကြောင့် ဖွဲ့စည်းပေးရခြင်း ဖြစ်ပြီး မြင်းခြံမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် မြစ်ရေတင် ဧရိယာအတွင်း စိုက်ပျိုးရေးအသုံးချလျက်ရှိသော တောင်သူများကိုလည်း ဆက်လက် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးမောင်မောင်ကျော်က ပြောသည်။
ရေအသုံးချသူများအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ရေသုံးစွဲသူများအသင်းတွင် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ စာရင်းစစ်၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
သာပေါင်းမြစ်ရေတင်မှ မြစ်ရေအသုံးပြုကြသော သာပေါင်းကျေးရွာ၊ အနိမ့်ကျေးရွာ၊ ကံရွာကျေးရွာစသည့် ကျေးရွာများမှ မြေဧက ၁၈၇ ဧကတွင် တောင်သူများအနေဖြင့် ရေကို အလေအလွင့်မရှိ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အဆိုပါကျေးရွာများသည် စပါးကို အဓိက စိုက်ပျိုးကြပြီး CP ပြောင်းနှင့် နွားစာအတွက် နှံစားပြောင်းကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


