မြင်းခြံ    ၁၄  ဇန်နဝါရီ       

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ အောင်ပြည်စိုးကျေးရွာမှ ဒေသခံတောင်သူများ ဧရာဝတီမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ကျရောက်နေသဖြင့် ဇန်နဝါရီ ၁၄ ရက်၊  နံနက် ၉ နာရီခွဲက မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်း ဦးဆောင်၍ ဝန်ထမ်းများ အဖွဲ့က အဆိုပါ ကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများထံ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရန်အတွက် Golden Lion  ပိုးသတ်ဆေးကုမ္ပဏီမှ ထောက်ပံ့သည့် ဟာရီကိန်း ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

 

အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ငမြှောင်တောင်ပိုး ကျရောက်နေမှုအား ကာကွယ်နှိမ်နင်းရန်အတွက် ပိုးသတ် ဆေးများ ထောက်ပံ့ပေးအပ်ရာ၌ မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းက တောင်သူများအနေဖြင့် သီးနှံဝင်ငွေလျော့နည်းမှု မရှိစေရေး အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ကျရောက်နေသည့် ငမြှောင်တောင်ပိုးများအား လျော့နည်းကင်းဝေးစေရေးအတွက် မျက်ခြေမပြတ်ကာကွယ်နှိမ်နင်းသွားစေလိုကြောင်း ၊ ထိုသို့ ကာကွယ်နှိမ်နင်းရာ၌ ပိုးသတ်ဆေး များကို ဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြု လုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

11

 

ထို့နောက် ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများက မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ အောင်ပြည်စိုးကျေးရွာမှ အစေ့ထုတ်ပြောင်းစိုက်ပျိုးတောင်သူ ၄၀ ဦး အား အစေ့ထုတ်ပြောင်းစိုက်ခင်း ၄၀ ဧက အတွက် Golden Lion ပိုးသတ်ဆေး ကုမ္ပဏီမှ ထောက်ပံ့သည့် ဟာရီကိန်းပိုးသတ်ဆေး ၂၀ လီတာအား တောင်သူတစ်ဦးချင်းအလိုက် လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့သည်။

 

အလားတူ အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ငမြှောင်တောင်ပိုးကျ ရောက်နေမှုအား ကာကွယ်နှိမ်နင်းရန် အတွက် ပိုးသတ်ဆေးဗူးများ ထောက်ပံ့ပေးခြင်းကို မြင်းခြံမြို့နယ် ဒေါင့်သစ်ကျေးရွာအုပ်စု၊ တန်ဆောင်းကျေးရွာနှင့် အေးရွာကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာတို့မှ အစေ့ထုတ်ပြောင်း စိုက်ပျိုးဧက ၄၈ ဧက အတွက် တောင်သူ ၄၈ ဦး အား Bayer ပိုးသတ်ဆေးကုမ္ပဏီမှ ထောက်ပံ့လှူဒါန်းသည့် ဘဲလ်ပိုးသတ်ဆေး ၂၄၀ဝ ဂရမ် အား မြင်းခြံခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြင်းခြံမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှုမှာ ဧကပေါင်း ၁၂၀ဝ၀ ခန့်ရှိကာ ငမြှောင်တောင်ပိုး ကျရောက်သည့်ကျေးရွာအုပ်စု ၃၆ အုပ်စု ရှိကြောင်း နှင့် ပိုးကျဧက ၁၁၁၈ ဧက ရှိကြောင်း သိရပြီး အဆိုပါ ငမြှောင်တောင်ပိုး ကျရောက်နေသည့် အစေ့ထုတ်ပြောင်းစိုက်ခင်းများအား သီးနှံအထွက်နှုန်း ထိခိုက်မှု လျော့နည်းစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ စုပေါင်းကာကွယ် နှိမ်နင်းမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်း၏ ပြောပြချက်အရ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

22