မြင်းခြံ မတ် ၁၁

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းသီးနှံများကိုလည်း ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ဖူးစားပြောင်းသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး သုံးလခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် နိုင်ငံခြားမျိုး ပြောင်းစီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့သုံးထုပ်ခန့်ဖြင့် ထွန်ကြောင်းဆွဲအစေ့ချ၍ ရေသွင်းစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ ရေသွင်းခ၊ မြေပြုပြင်ခနှင့် လုပ်သားအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၂၀ ခန့် ကုန်ကျကာ တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၅၀၀၀-၆၀၀၀ ခန့်ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် သီးနှံအောင်မြင်ဖြစ်ထွန်းမှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ ပွဲစားများမှ စိုက်ခင်းသို့ လာရောက်၍ အခင်းပြတ်ဝယ်ယူမှုများရှိသကဲ့သို့ ပွဲစားအဝယ်မရှိသည့် တောင်သူများအနေဖြင့် မြင်းခြံမြို့ပေါ်သို့ တင်ပို့ရောင်းချကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

DOCA (မန္တလေး)