မြင်းခြံ၊ ၄ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ရွှေနီပြောင်းစိုက်ခင်းများ လှိုင်လှိုင်ခုတ်သိမ်းလျက်ရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိခြင်းကြောင့် ပြောင်းစိုက်တောင်သူများ တွက်ခြေကိုက်ကြောင်း သိရသည်။

 

ပြောင်းစိုက်ရတာက အလုပ်လည်းမရှုပ်ဘူး၊ ကုန်ကျစရိတ်လည်းမများဘူး၊ ဒီနှစ်အထွက်နှုန်းကတော့ လျော့တယ်၊  ဈေးကောင်းရတော့ မဆိုးပါဘူး၊ နွားစာအတွက်လည်း အဆင်ပြေတယ်၊ ကျွန်တော်တို့ဒေသက ပြောင်းစိုက်ခင်းတွေက ရွှေနီပြောင်းနဲ့ ရိုးရိုးပြောင်းနှစ်မျိုးစိုက်ကြတာ၊ အဓိကတော့ နွားစာပဲ၊ ပြောင်းတစ်ဧကလောက်စိုက်ရင် နွားတစ်ရှဉ်း တစ်နှစ်စာဖူလုံတယ်၊ တစ်ဧကကို ပြောင်းလေးပြည်ခန့် စိုက်ပျိုးကြောင်း၊ ရွှေနီပြောင်းက စိုက်ပျိုးရက် (၃)လဝန်းကျင်ကြာပြီး ရိုးရိုးပြောင်းက စိုက်ပျိုးရက် (၆)လခန့်ကြာမြင့်တယ်။ ကျွန်တော်တို့ဒေသက ရွှေနီပြောင်းများ လှိုင်လှိုင်ခုတ်သိမ်းလျက်ရှိပြီး ပြောင်းတစ်တင်းလျှင် ငွေကျပ်တစ်သောင်းခွဲ ဈေးပေါက်နေခြင်းကြောင့် ပြောင်းစိုက်တောင်သူများ တွက်ခြေကိုက်ပါတယ် ဟု မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာမှ ရွှေနီပြောင်းစိုက် တောင်သူတစ်ဦးက ပြောသည်။

 

လက်ရှိ ရွှေနီပြောင်းများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး ပြောင်းထစ်(ဒေသအခေါ်) တစ်ဧက လူ (၆)ဦးခန့် ငှားရကြောင်း၊ လူတစ်ဦးကို ပြောင်းထစ်ခ တစ်မနက် ပြောင်း(၄)ပြည်ပေးရကြောင်း၊ ရိုးရိုးပြောင်းကို နောက်လလောက်မှသာ ခုတ်သိမ်းကြမှာဖြစ်ပြီး လက်ရှိ ရွှေနီပြောင်းထစ်ချိန်တွင် တစ်ဧက (၁၅)တင်း ထွက်ရှိကြောင်း၊ ယခင်နှစ်များတွင် တစ်ဧကတင်း (၂၀)ကျော် ထွက်ရှိပြီး ယခုနှစ် အထွက်နှုန်းလျော့ကျသော်လည်း ဈေးကောင်းခြင်းကြောင့် တွက်ခြေကိုက်ကြောင်း၊ ထွက်ရှိသောပြောင်းများအား မြင်းခြံမြို့သို့ တင်ပို့ရောင်းချပြီး ရွာမှာလည်း ပြောင်းဝယ်တဲ့ ပွဲစားများရှိကြောင်း ၎င်းက ဆက်သည်။

 

မြင်းခြံဒေသရှိ ပြောင်းစိုက်တောင်သူများသည် နွားစာဖူလုံရေးအတွက် အဓိကထား စိုက်ပျိုးသော်လည်း ယခင်နှစ်များထက် ပြောင်းအထွက်နှုန်း လျော့ကျသော်လည်း ဈေးကောင်းရသောကြောင့် ပြောင်းစိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)