မြင်းခြံ ၁၀ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အခြေခံပညာကျောင်း ၂၅ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် လွယ်ကူစွာ တက်ရောက်သင်ကြားနိုင်ရန် နိုင်ငံတော် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး မိမိတို့နေထိုင်ရာ အရပ်ဒေသအနီးတွင် တက်ရောက်ပညာသင်ကြားခွင့် ရရှိစေရန် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပေးခြင်း ဖြစ်သည်။
မြင်းခြံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ရာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁၃)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ်မှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် (၃)ကျောင်း စုစုပေါင်း (၂၅)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိသည့် ကျေးရွာရှိပြည်သူများက ယခုလို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေး၍ မိမိတို့ ကလေးများကို မိမိတို့ကျေးရွာကျောင်းတွင် ပညာသင်ကြားနိုင်ပြီး ကျောင်းသွားချိန် သက်သာပြီး၊ စာကျက်ချိန် ပိုရခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းခြင်းတို့ကြောင့် ဝမ်းသာလျက်ရှိကြောင်း သိရသည်။
ဇော်မင်းနိုင် (မြင်းခြံ)