မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

မြင်းခြံ ဇွန် ၉

 

မန္တလေးတိုင်းတိုင်းဒေသကြီး မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြင်းခြံမြို့ အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံ နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  အခြေခံပညာကျောင်း ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံ ပေးခြင်းအား ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ ဆေးထိုးစုရပ်တွင် အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် Novel ကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ သူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင် ရန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံ ပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမများမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။                                                                                                        

ကျော်စွာ(မြင်းခြံ)