မြင်းခြံ  ၁၃   မတ်

 

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို နေကြရာ ယနေ့မတ် ၁၃ ရက်နေ့ သင်္ချာဘာသာရပ်ဖြေဆိုသည့် နေ့တွင်မြင်းခြံပြည်သူ့ဆေးရုံသို့ တက်ရောက် ဖြေဆိုနေသူ(၂)ဦးရှိကြောင်း သိရှိရသည်။

 

ဆေးရုံတက်ရောက် ဖြေဆိုသူ(၂)ဦးတွင် တစ်ဦးမှာ ရိုးရိုးဖျားသဖြင့် ဖျားနာကုသဆောင် အခန်းလွတ်တွင် လက်ထောက်ကြီးကြပ် ဆရာ/ဆရာမများဖြင့်  ဖြေဆိုနေကြောင်းနှင့် အခြားတစ်ဦးမှာ သင်္ချာဘာသာရပ် ဖြေဆိုရန် အ.ထ.က-၂ ကျောင်းသို့ ကိုယ်တိုင်မော်တော်ဆိုင်ကယ်အား စီးနင်းလာစဉ် အ.ထ.က-၃ ကျောင်းရှေ့အရောက် မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ညာဘက်လက်သန်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာရှိသူအား မြင်းခြံပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး အရိုးကုသဆောင် အခန်းလွတ်တွင် လက်ထောက်ကြီးကြပ် ဆရာ/ဆရာမ များဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

 

ဆေးရုံတက်ရောက်ဖြေဆိုသူ (၂) ဦးသည် အကူဖြေမပါဘဲ မိမိတို့ကိုယ်တိုင်ရေးသား ဖြေဆို နေကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုပေးနေကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)