မြင်းခြံ ၁၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask campaign ကို ဧပြီလ ၁၁ ရက် နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက အေးမြသီတာဈေးအတွင်း ဈေးရောင်း ဈေးဝယ် များ၊ မြင်းခြံ-နွားထိုးကြီး မြို့ဝင်ဂိတ်၊ မြင်းခြံ-မြို့သာ-မန္တလေး မြို့ဝင်ဂိတ်၊ မြင်းခြံ-ညောင်ဦး မြို့ဝင်ဂိတ်နှင့် မြင်းခြံ-မိတ္ထီလာ မြို့ဝင်ဂိတ်များတွင် “ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ဖို့ လူတိုင်းနှာခေါင်းစည်း (Mask) တပ်ကြစို့” ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဖြတ်သန်း သွားလာသော ခရီးသွားပြည်သူများအား ကျန်းမာရေးအထောက်အကူပြု ဆေးရုံသုံး Mask အခု ၂၀ဝ၀ ပေးဝေခဲ့ကြောင်း သိရှိရသည်။
ယခုလို Mask campaign ပြုလုပ်ရခြင်းမှာ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်နိုင်စေရန်နှင့် ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်နိုင်စေရန်အတွက် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(IPRD)


