မြင်းခြံ ၁၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအုပ်စိုးက အမျိုးသမီး များတွင် ဖြစ်လေ့ရှိသော သားအိမ်ခေါင်းကင်ဆာ ရောဂါမဖြစ်ပွားစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ ယခု ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် မြင်းခြံမြို့နယ် အတွင်းရှိ ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွား သည့် အသက်(၉) နှစ်မှ အသက်(၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို နှစ်ကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပထမအကြိမ်စတင် ထိုးနှံပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်ကို (၁) နှစ်ခြားပြီး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ HPV ကာကွယ် ဆေးထိုးနှံရမည့် အမျိုးသမီးများကို ကြိုတင်ဖိတ်စာ ပေးပို့သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များ တစ်ယောက်မကျန် ကာကွယ်ဆေးဖြင့် ကာကွယ်၍ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအုပ်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


