မြင်းခြံ ဖေဖော်ဝါရီ ၂၀

 

မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးရုံး အစည်းအဝေးခန်းမ၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်း၊ ကျန်းမာရေးသတိပေး ရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံများ အသိပေးရှင်းလင်းခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မာသန်းထွန်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ၊ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်း၊ ကျန်းမာရေး သတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်နှင့် ဆန်းစစ်ပုံစံများနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့သည်။

 

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းမြနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ဒုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မာသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြင်းခြံမြို့ပေါ်ရှိ ဆေးလိပ်ခုံလုပ်ငန်းရှင်များ စုစုပေါင်း ၅၀ ခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)