မကွေး ၃၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် မြင်ကွန်းမြစ်ရေတင်လုပ်ငန်းအား ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ (AFD) အကူအညီဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ထားမှုအား ပြင်သစ်သံအမတ်ကြီး HE.Mr Christin Lechervey နှင့် AFD Country Directors Mrs Marie-Cecile Thirion တို့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုသည်။
အဆိုပါလုပ်ငန်းသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူး၊ အတိုင်ပင်ခံအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်၍ မြင်ကွန်း မြစ်ရေတင်လုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်မှုများအား ကြည့်ရှုပြီး ဒေသခံတောင်သူလယ်သမားများ၊ ရေကော်မတီဝင်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။
မြင်ကွန်းမြစ်ရေတင်လုပ်ငန်းနှင့် (မင်းဘူးမြို့နယ်) ကမ်းနီမြစ်ရေတင်လုပ်ငန်းအား (AFD)ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီမှ ယူရို (၃ ဒသမ ဝ)သန်း ကူညီပံ့ပိုးခဲ့ပြီး တူးမြောင်းနှင့်ရေတင်ပန့်များ အဆင့်မြှင်တင်ခြင်း၊ တောင်သူအစုအဖွဲ့ ရေကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးနည်းပညာ သင်တန်းများပေးခြင်း၊ ပြည်တွင်းပြည်ပ လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းများ အပါအဝင် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအား နည်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်ကွန်းမြစ်ရေတင်လုပ်ငန်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် အကျိုးပြုဧက ၅၀ဝ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်စွာ ဖြစ်ထွန်းလာခြင်းနှင့် အတူ ဒေသတွင်းပြည်သူလူထုအား လူနေမှုဘဝများ ယခုထက်ပိုမို မြှင့်နိုင်မည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)


