မင်းလှ   ၆   ဩဂုတ်      

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် မင်းလှမြို့၊ ပြည်တော်သာလမ်းအား ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်း တူးဖော်ရန် ယနေ့ မွန်းလွဲ ၁ နာရီက လုပ်ငန်းများစနစ်တကျ ဆောင်ရွက်သွားနိုင်ရေး Level တိုင်းတာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Level တိုင်းတာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်မည့်နေရာအား အဆင်ပြေစွာ ဆောင်ရွက် သွားနိုင်ရေး Level တိုင်းတာခြင်းများ စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီကာလ မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မင်းလှမြို့၊ ပြည်တော်သာလမ်း အရှည်ပေ ၉၈၀ အား လမ်းဘေး(ဝဲ ၊ ယာ) တစ်ဖက်လျှင် (၂)ပေ အကျယ် ၊ (၂)ပေ အနက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံငွေကျပ် (၂၁)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးထံမှ သိရသည်။

ရဲဝင်းနိုင်