အထက်မင်းလှ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေထောက်ပံ့ပေးမှု ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ပူးပေါင်းပါဝင်ထည့်ဝင်လှူဒါန်း မှုဖြင့်မင်းလှမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်စီဂျင်စက်ရုံဆောက်လုပ်ပြီး၍ အောက်စီဂျင်စက်တပ်ထားပြီးဖြစ်ရာ အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက အဆိုပါအောက်စီဂျင်စက်ရုံ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ထို့နောက် အောက်စီဂျင် စက်ရုံဖွင့်ပွဲကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စန်းစန်းမိုး၊ မြို့မိမြို့ဖ ဒေါက်တာအောင်မြင့်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကအောက်စီဂျင်စက်ရုံအားမြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက လက်ခံရယူခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင်အောက်ဆီဂျင်လုံ လောက်စွာဖြည့်ဆည်းပေးနိုင်ရန်အတွက်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှု၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှဆရာတော်၊ သံဃာတော်များ ၊ဒေသခံပြည်သူ များနှင့်စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအဆောက်အဦအလျား၄၈ပေ၊အနံ၂၄ပေအားတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်စက် စတင်လည်ပတ်လျက်ရှိရာ တစ်နေ့လျှင်အောက်ဆီဂျင် ၄၀ လီတာအိုးအလုံး၈၀ထုတ်လုပ်နိုင်ပြီး မြို့နယ်အတွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)