အထက်မင်းလှ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စစ္စနို့  33/11KV. 5MAခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားရာတွင်  စစ္စနို့ 33/11KV. 5MAခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် လျော်ကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက လယ်ယာမြေအသုံးပြုမှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ဝင်းက စစ္စနို့ 33/11KV. 5MAခွဲရုံတည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေလျော်ကြေးငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စစ္စနို့ 33/11KV. 5MAခွဲရုံ တည်ဆောက်ရာတွင်ပါဝင်သည့် တောင်သူ ၂ ဦး၏ ယာမြေဧက၂.၀၉ ဧကအတွက် လျော်ကြေးငွေကျပ် ၂၀၅ သိန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)