မင်းလှ ၂၁  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် မင်းလှတာဆုံအနီးရှိ အမှတ်(၂၇) စက်မှု လယ်ယာ ဦးစီးဌာနတွင် တည်ဆောက်ထားသည့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

၂

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက စပါးတင်း (၅၀ဝ)ဆံ့ အခြောက်ခံ စက်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ စက်၏ အသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြပေးသည်။

 

အဆိုပါ အခြောက်ခံစက်သည် တရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး Recirculating Grain Dryer စက်ဖြစ်သည်။ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်  တောင်ပေါ်သားရီရှင်းကုမ္မဏီထံမှ ကျပ်သိန်း (၃၅၀)ဖြင့် ဝယ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်းပထမဆုံးစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အချိန်(၁) နာရီတွင် အစိုအမှတ် ၁-မှတ်ဝန်းကျင် လျှော့ချနိုင်ကြောင်း သိရသည်။

 

တစ်ကြိမ်လျှင် စပါးတင်း(၅၀ဝ) အခြောက်ခံ ဆောင်ရွက်နိုင်ပြီး ဒေသခံ‌တောင်သူများအတွက် ရာသီဥတု ကြောင့် စပါးပျက်စီးမှုကိုကာကွယ်ရန်၊ သိုလှောင်ထိန်းသိမ်းရာတွင် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်၊ ဈေးကွက်ကျဆင်းမှုကိုထိန်းချုပ်နိုင်ရန် ဆောင်ရွက်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုစတင် ဖွင့်လှစ် မိတ်ဆက်သည့် ကာလအတွင်းဒေသခံတောင်သူများ၏စပါးများကို အခမဲ့ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်ဝန်ကြီးတို့သည် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦအသစ် ပြန်လည်တည်ဆောက်ပြီးစီးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ စပါးတင်း(၅၀ဝ)အခြောက်ခံစက်ဖွင့်ပွဲသို့ ပဲခူတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့်တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်းသိရသည်။

 

တင်စိုး(ပဲခူး)