အထက်မင်းလှ ၂၃ ဧပြီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများ အပြင်သို့ အသွားအလာ ပြုလုပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်ခန်းမရှေ့တာဘောင်ကြီးလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် အပြင်သို့ မဖြစ်မနေသွားလာရပါက နှာခေါင်းစည်း (Mask)တပ်ဆင်ရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ရန်စသည့်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အလားတူ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အိမ်အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေးခြင်းကို ဧပြီ ၂၂ ရက် ညနေ ၄ နာရီက မြို့တွင်းလမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ မြို့တွင်းလမ်းဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများ၊ ထော်လာဂျီယာဉ်၊ ကုန်တင်ယာဉ်၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနင်းသူများအား အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရလျှင် နှာခေါင်းစည်းတပ်ပြီးမှ အပြင်ထွက်ရန် အသိပညာပေးခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်း တို့က အခါအားလျော်စွာ ထုတ်ပြန်ထားသည့်ကြေညာချက်များကို နေ့စဉ်အသိပေး လှုံ့ဆော်လျက် ရှိပြီး ဧပြီ ၂၃ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် တားမြစ် အမိန့်များ၊ စည်းကမ်း ချက်များကို မလိုက်နာပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ထံမှသိရသည်။
ဇာဇာ(အထက်မင်းလှ)၊ ဝတ်ရည်(ပြန်/ဆက်)


