အထက်မင်းလှ   ၁၀      မေ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊မြို့သစ်ကျေးရွာအုပ်စု၊ ဈေးကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားသော ဆရာ/ဆရာမများ နေအိမ်လိုင်းခန်း၌ မေ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်က မီးကြွင်းမီးကျန်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်လိုင်းခန်းဆယ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဈေးကြီးကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ ဆရာ/ဆရာမများ အသုံးပြုရန်အတွက်(၂)လုံးတွဲ အိမ်သာဆောက်လုပ်ရန်နေထိုင်သော ပန်းရံအလုပ်သမားများအဖွဲ့မှ ထမင်းဟင်းချက်ပြုတ်သုံးစွဲသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆရာ/ဆရာမများ နေအိမ်လိုင်းခန်း(၁၀)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ လက်ပံတံခါးမီးသတ်နယ်မြေစခန်းမှ ဒုတပ်ကြပ်ကျော်သက်ပိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးအားပေါ့ဆစွာအသုံးပြုသူ ဇင်မင်းထက်(၂၀)နှစ်အား လက်ပံတံခါး နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)

 

mdn