အထက်မင်းလှ၊ ၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ဇွန် ၇ ရက် နံနက် ၈ နာရီက မင်းလှမြို့နယ် မလွန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
မင်းလှမြို့နယ် မလွန်ကျေးရွာမှ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား (၄) ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ အမျိုးသမီး (၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၉)ဦး၊ ပျောက်ဆုံး၊ ပျက်စီး ထုတ်ပေး အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၃၃)ဦးစုစုပေါင်း အမျိုးသား (၇၀)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


