မင်းလှမြို့နယ် ရေခါးကျေးရွာ၌ လယ်ယာထုတ်ကုန် ဧက ၁၀ဝဝ အကျိုးပြုမည့် ကုန်ထုတ်လမ်းတစ်လမ်းနှင့် ရေကျော်သုံးခု တည်ဆောက်သွားမည်

မင်းလှ  ၁၉   အောက်တိုဘာ 

 

 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် မင်းလှမြို့နယ် ရေခါးကျေးရွာအုပ်စု၊ ရေခါးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်းနှင့် ရေကျော်သုံးခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

1

 

 

ရေခါးကျေးရွာတွင် ကုန်ထုတ်လမ်းတစ်လမ်းနှင့် ရေကျော်သုံးခု တည်ဆောက်ပေးနိုင်ရေး အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိနှင့် ဝန်ထမ်းများက ကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ လက်ရှိမြေပြင်အခြေအနေ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

အဆိုပါ ရေခါးကျေးရွာ ကုန်ထုတ်လမ်းကို  လမ်းအရှည်  ၂ မိုင် အကျယ် ၁၂ ပေ ထု ၉ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်း၊ ယင်းကုန်ထုတ်လမ်းပေါ်တွင် အရှည် ၃၀ ပေ အကျယ် ၁၈ ပေ ထု ၉ လက်မ ရေကျော်နှစ်ခု၊  အရှည်ပေ ၂၀ ၊ အကျယ် ၁၈ ပေ ထု ၉ လက်မ ရှိသော ရေကျော်တစ်ခုတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြသည်။

 

2

 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို  တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ရေခါးကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး သွားပါက ကျေးရွာမှ  လယ်ယာထုတ်ကုန် ဧက(၁၀ဝဝ) အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကဆက်လက် ပြောပြသည်။

 

 

Source - ငြိမ်းသူ