အထက်မင်းလှ      ဧပြီ     ၃၀

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပေတောကျေးရွာ၊ ပေရင်းကျေးရွာနှင့် ကန်းနီကျေးရွာတို့မှ အိမ်ခြေ ကိုးအိမ်၊ အိမ်ထောင်စု ကိုးစုတို့အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်‌ထောင်စုများအတွက် မင်းလှမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၄၂၀၀၀၀ နှင့် ဆန်ရိက္ခာတန်ဖိုး ငွေကျပ် ၆၉၃၀၀ စုစုပေါင်း‌ထောက်ပံ့ငွေ ကျပ် ၄၈၉၃၀၀ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)