အထက်မင်းလှ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် အိုးဘိုကုန်းကျေးရွာ မြောက်ဘက်တစ်မိုင်ခန့်အကွာ တာဝေးစစ်ပစ်ကွင်း ဧရိယာအတွင်း၌ ဇူလိုင် ၇ ရက် ညနေ ၆ နာရီခွဲက မပေါက်ကွဲသေးသည့် ဗုံးသီးအား လွယ်အိတ်အတွင်း ထည့်ထားစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လူတစ်ဦးနှင့်နွား(၂)ကောင် သေဆုံးပြီး နွား(၄)ကောင် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းလှမြို့နယ် အိုးဘိုကုန်းကျေးရွာမှ မောင်ပြည့်စုံဦး အသက်(၁၅)နှစ်သည် အိုးဖိုကုန်း ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာ တာဝေးစစ်ပစ်ကွင်း ဧရိယာအတွင်း၌ နွားကျောင်းနေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် (MRIS-122) ဒုံးအမျိုးအစားအား တွေ့ရှိပြီး ကောက်ယူကာ လွယ်အိတ်အတွင်းသို့ ထည့်၍ပြန်လာစဉ် လှည်းလမ်းကြောင်းတစ်နေရာတွင် ဗုံးသီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးပြီး အနီးရှိ နွား(၂)ကောင် သေဆုံး၊ နွား (၄) ကောင်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  ရေနံမနယ်မြေစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)