မင်းလှ ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေရှားပါးမှု မရှိစေရေးအတွက် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပင်္ဂကျေးရွာတွင် စက်ရေတွင်းတစ်တွင်းရှိသော်လည်း ရေငန်များသာထွက်ရှိ၍ မြေသားမိုးရေလှောင်ကန်များကိုသာ အဓိကထား သုံးစွဲ နေရကြောင်း၊ နှစ်စဉ် နွေရာသီကာလရောက်တိုင်း သောက်သုံးရေများ ရှားပါးခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန်တူးဖော်လျက်ရှိကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန်ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၁ ဒသမ ၄၀ သန်းဖြင့် အလျား ၂၅၀ ပေ၊ အနံ ၆၀ ပေ၊ အနက် ၅ ပေ တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော အောင်မြင့်မိုရ်ကုမ္ပဏီမှ တူးဖော်နေခြင်း ဖြစ်သည်။

မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပင်္ဂကျေးရွာရှိ အိမ်ခြေ ၁၄၄ အိမ်မှ လူဦးရေ ၆၀၅ ဦး အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက်ပါ နွေရာသီကာလ သောက်သုံးရေ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ