အထက်မင်းလှ နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က မင်းလှမြို့နယ်သဖန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၊ လက်ရက်ကန်း အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလက်ရက်ကန်းသင်တန်းကို သင်တန်းသူ ၁၅ ဦးအား နိုဝင်ဘာလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရက်သတ္တပတ် ၂ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


