မင်းလှ ၉ ဩဂုတ်


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၈ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19 Economic Relief Plan အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ ၈ရွာအား ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီး၊ မင်းလှမြို့နယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ မင်းလှမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကို တို့က အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူးက စီမံကိန်း၏ရည်ရွယ်ချက် လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းအား Type 1, Type 2, Type 3 ခွဲ၍ကျေးရွာ ၈ရွာတွင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းတင်ပြသည်။


ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Type -1 ဆောင်ရွက်မည့် ချင်းကုန်း၊ အောက်ကိုင်း၊ ငလှိုင်၊ လင်းကယ်၊ ကံတောင် ကျေးရွာ ၅ရွာအား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၃၀၀စီလည်းကောင်း၊ Type -2ဆောင်ရွက်မည့်မြို့သစ်၊ ကျောက်အိုး ကျေးရွာ ၂ရွာအား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၂၀၀စီလည်းကောင်း၊ Type -3 ဆောင်ရွက်မည့် မင်းကံကျေးရွာ အားရန်ပုံငွေကျပ်သိန်း ၁၀၀၊ စုစုပေါင်း ကျေးရွာမတည်စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၂၀၀၀အား ကျေးရွာကော်မတီဝင်များထံသို့ တာဝန်ရှိသူများမှ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။


အဆိုပါရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီး၊ မင်းလှမြို့နယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ မင်းလှမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး  နှင့်ဝန်ထမ်းများ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ ၈ ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ငြိမ်းသူ(စလင်း)