မင်းလှ ၁၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီက သဘာဝဘေးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု အခြေအနေများ၊ မုက္ခဆည် / ကံတင်ဘီးလင်းဆည် အခြေအနေနှင့် စိုးရိမ်ရေမှတ်အခြေအနေများ၊ မိုးဆက်လက်ရွာသွန်းပါက ရေများတက်လာနိုင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းတာဝန်များ ခွဲဝေလုပ်ဆောင်နိုင်ရန်နှင့် ကယ်ဆယ်ရေးစခန်း လုပ်ဆောင်ပေးရမည့်အခြေအနေများ၊ ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ လုပ်ဆောင်ပေးမည့် အခြေအနေများ၊ ရေဝင်ရောက်၍ ရွှေ့ပြောင်းနေထိုင်မှုများရှိပါက စာရင်းကောက်ယူ ကူညီဆောင်ရွက်ပေးရေး၊ ရေလွှမ်းထိခိုက်ပျက်စီးမူများ စာရင်းပြုစုဆောင်ရွက်ရေးတို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းမှ မြို့နယ်အတွင်း ရေကြီးနေမှုအခြေအနေနှင့် ကယ်ဆယ်ရေးစခန်း လိုအပ်ပါက စည်ပင်ခန်းမနှင့် ဘုန်တော်ကြီးသင် ပညာရေးကျောင်းတွင် စီစဉ်မည့်အခြေအနေနှင့် စိုက်ပျိုးဧက ပျက်စီးဆုံးရူံးမှုများ တင်ပြနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွးနွေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းအား မြို့နယ်စည်ပင်ခန်းမတွင် ဖွင့်လှစ်ထားရှိ၍ သဘာဝဘေးကယ်ဆယ်ရေး ကော်မတီဝင်များ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


