မင်းလှ၊ ၁၀ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ မြောက်ဘက်ဈေးအတွင်း ရွှေထည်ပစ္စည်း အမျိုး (၂၈၀)ကျော် အလေးချိန် ရွှေ (၁)ပိသာ (၁၁) ကျပ်သားကျော်အား ခိုးယူသူ (၂) ဦးအား ရက်သတ္တပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီ အချိန်ခန့်တွင် မင်းလှမြို့ မြောက်ဘက်ဈေးရုံ မျက်နှာစာဘက်တွင် ဖွင့်လှစ်ထားသော UD ရွှေဆိုင်မှ အဆိုပါနေ့ ၇ နာရီခွဲအချိန်ခန့်တွင် ရွှေများခင်းကျင်းပြီး ရွှေခင်းကျင်းသော မှန်ဗီဒိုအား သော့မခတ်မိဘဲ ပေ ၃၀ဝ ခန့်အကွာရှိ တောင်ဘက်ဈေး ထီဆိုင်သို့ ထီထိုးရန်သွားခဲ့ရာမှ အပြန်တွင် ရွှေများထည့်ထားသော မှန်ဗီဒိုမှာ တံခါးပွင့် နေသည်ကို တွေ့ရှိရ၍ စစ်ဆေးကြည့်ရာ ရောင်းချရန်အတွက် ချိတ်ဆွဲထားသော ရွှေထည်များအား တွေ့ရှိရပြီး မှန်ဗီဒိုထဲမှ မချိတ်ဆွဲထားသော ရွှေထည် မျိုးစုံ စုစုပေါင်း (၂၈၂ )မျိုး / စုစုပေါင်း ရွှေအလေးချိန် ၁) ပိသာ (၁၁) ကျပ်သား (၃) ပဲခန့် ပျောက်ဆုံးသွားသဖြင့် အမှုဖွင့် တိုင်တန်းခဲ့သည်။
အဆိုပါအမှုအား ခရိုင်ရဲတပ်ဖွဲ့၏ ညွှန်ကြားမှုဖြင့် ရဲမှူးတင်မောင်သန်းခေါင်းဆောင်သော "အထူးအမှုစစ်အဖွဲ့"ဖွဲ့စည်း၍ စုံစမ်းထောက်လှမ်းရာ အိုးသည်ကုန်းမြို့နေ ယခင်ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသူ မရီရီလွင်၏ ခင်ပွန်းဖြစ်သူ ကျော်လွင်နိုင်(ခ)ကျော်ကြီးမှာ အုတ်ဖိုမြို့ရှိ ရွှေဆိုတစ်ဆိုင်တွင် ရွှေဆွှဲကြိုးတစ်ကုန်းအား သွားရောင်းရောင်းချခဲ့ပြီး ရရှိသောငွေဖြင့် သုံးစွဲနေကာ အဆိုပါ လင်မယားမှာ အလုပ်အကိုင်မရှိကြောင်း သိရ၍ ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့မှ အဆိုပါမြို့သို့ သွားရောက်ခဲ့ပြီး မသင်္ကာသူ မရီရီလွင် နှင့် ကျော်လွင်နိုင်(ခ) ကျော်ကြီးတို့အား ရှာဖွေခဲ့ရာ ၄င်းတို့နေထိုင်ရာ ဓနဝတီရပ်ကွက်တွင်တွေ့ရသဖြင့် မင်းလှမြို့မ ရဲစခန်းသို့ ခေါ်ဆောင်၍ မရီရီလွင်အား အမှုဖြင့်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့ရက် နံနက် ၈ နာရီအချိန်က ၄င်းတစ်ဦးထဲ မင်းလှမြို့သို့ လာရောက်ခဲ့ပြီး ရွှေဆိုင်တစ်ခုတွင် လူမရှိဘဲ ကောင်တာပေါ်၌ တင်ထားသည့် အိတ်တစ်ခုအား တွေ့ရှိသဖြင့် ယူဆောင်ခဲ့ပြီး ပြန်လာခဲ့ကြောင်း လူပြတ်သည့် နေရာတွင် အိတ်အားဖွင့်ကြည့်ရာ ရွှေထည်ပစ္စည်းများ ဖြစ်နေသည်ကို တွေ့ရသဖြင့် ရွှေထည်များအား အင်္ကျီဖြင့်ထုပ်၍ အိတ်အားလွင့်ပစ်ခဲ့ကြောင်း။
နေအိမ်ရောက်ရှိသောအခါ ရွှေထည်ပစ္စည်းများအား နေအိမ်အတွင်းကျင်းတူး၍ မြှုပ်ထားခဲ့ကြောင်း၊ ခိုးယူထားသော ပစ္စည်းများထဲမှ ဆွဲကြိုးတစ်ကုံးအား ခင်ပွန်းဖြစ်သူအား ရောင်းချခိုင်းခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူမှလည်း ဇနီးဖြစ်သူမှ ရောင်းချခိုင်းသည့် ဆွဲကြိုးအားရောင်းချရာ ငွေကျပ် ၂၇၀ဝ၀ဝ ကျပ်ခန့် ရရှိခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ မရီရီလွင်နေထိုင်သည့် နေအိမ်သို့သွားရောက်၍ ၄င်းမြှုပ်နှံထားသည့် နေရာအား တူးဖော်ရှာဖွေရာ ပျောက်ဆုံးပစ္စည်းရွှေထည် (၂၈၀) ကျော်အား မူလ အနေအထား မပျက်စီးဘဲ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ကျော်လွင်နိုင်(ခ)ကျော်ကြီး ရောင်းချသည့် ရွှေထည်းအားလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်သန်းက ပြောကြားသည်။
ရွှေထည်ပစ္စည်းများ ခိုးယူသူ မရီရီလွင် နှင့် ကျော်လွင်နိုင်(ခ) ကျော်ကြီး တို့အား မင်းလှ မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း မင်းလှမြို့မ ရဲစခန်းမှ သိရသည်။
ဘိုဘို(မလှိုင်)