မင်းလှ ၁၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ ကံတင်ဘီလင်းဆည် ရေပိုလွှဲမှ ရေကျော်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပိုလွှဲမှ ရေကျော်မှုကြောင့် မင်းလှမြို့ချောင်းလမ်း လက်ဆက်အုပ်စု စိန်ကန့်လန့်ရွာအနီး မိုင်တိုင်အမှတ် ၁/၄ နှင့် ၁/၅ အကြားအတွင် ရေအနက် အနိမ့်ဆုံး ၆ လက်မမှ အမြင့်ဆုံး ၁ ပေခွဲခန့်ထိ ကားလမ်းရေကျော်ခြင်း၊ ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်နှင့် ၉၁/၁ နှင့် အကြား ၉၉/၂ အကြား ၃ လက်မခန့် ရေကျော်ခြင်း၊ အ.ထ.က(၂)ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်း၊ အ.လ.က (တစ်ကျောင်း၊ အ.လ.က (ခွဲ) တစ်ကျောင်း၊ အ.မ.က(လွန်) (၂)ကျောင်း၊ အ.မ.က(၈)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၁၅)ကျောင်း ယာယီပိတ်ထားကြောင်း သိရသည်။ ထို့အပြင် ကျောင်းရွာအုပ်စု ဝီရာကျွန်းကုန်းချောင်းတံတားနှင့် ကျွဲမကိုင်းတံတားတို့ မျောပါပျက်စီးခဲ့ပြီး ကျေးရွာအုပ်စုများအတွင်း ရေများဝင်ရောက်သဖြင့် စိုက်ခင်းများတွင် ရေဝင်၍ သီးနှံပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ကားလမ်းမများ၌ ရေကျော်နေသော နေရာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တပ်မတောသားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများက ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကံတင်ဘီးလင်းဆည် မိုးရေချိန်စခန်းမှ တိုင်းတာချက်အရ မိုးရေချိန် ၄.၁၇ လက်မ မိုးရွာသွန်းမှုကြောင့် ယခုအချိန်တွင်ရေပိုလွှဲ မှ ၃.၄ ပေသာ ကျော်လွန်မှု ရှိနေပြီး လက်ရှိအနေအထားအရ စိုးရိမ်စရာမရှိသေးကြောင်း မင်းလှမြို့ ဆည်မြောင်းဦးစီးဌာနမှ သိရှိရပါသည်။
ပေါက်စ(မင်းလှ)


