နေပြည်တော် ၁၂ မေ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ ရက်နေ့က မကွေးမြို့ခန်းမ၌ ဒေသခံပြည်သူ များနှင့်တွေ့ဆုံပွဲတွင် “ယနေ့ခေတ်မှာ တခြားနိုင်ငံတွေထက် တစ်မူထူးခြားတဲ့ စနစ်တစ်ခုကိုလည်း ထူထောင်ချင်တယ်။ ခေတ်နဲ့အညီဆိုရာမှာ နည်းပညာတွေကိုအားလုံးနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ အဆင့်မြင့် အောင် မိမိတို့က သင်ပေးရမှာဖြစ်ပါတယ်။ သို့သော်လည်း ပညာအဆင့်မြင့်ရုံတင်မကဘဲ စိတ်ထား အဆင့်မြင့် အောင်လည်း မိမိတို့က သင်ပေးချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် ပညာရေးစနစ်ကို လက်တွေ့ကျကျဖြစ်အောင် ခေတ်နှင့်ညီသည့် ပညာရေး စနစ်တစ်ခုကို ပြောင်းလဲအကောင်အထည်ဖော်လျက်ရှိသည်။ ယခုပညာသင်နှစ်မှစ၍ အတန်းစဉ်အလိုက်ခေတ် ကာလနှင့်ဆီလျော်သည့် ပညာရေးစနစ်သစ်ကို စတင်ပြောင်းလဲဖော်ဆောင်နေပြီဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အားလုံး နှင့်ရင်ပေါင်တန်းနိုင်သည့် ပညာရေးဖြစ်ရုံသာမက ကျောင်းသား ကျောင်းသူများ မြင့်မြတ်မြင့်မားသည့်စိတ်ဓာတ်များတိုးပွားစေမည့်ပညာရေးစနစ်ကို မျှော်မှန်းထားသည်။
ထိုသို့ဖြစ်စေရန်အတွက် ပညာရေးစနစ်သစ်ကို ပြောင်းလဲအကောင်အထည်ဖော်ရာတွင် အသိပညာ၊ အတတ်ပညာ တိုးပွားရေးကိုသာမက ပြည်သူ့နီတိဟူသည့် ပြည်သူ ပြည်သားများ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ၊ ပြည်သူ ပြည်သားများ၏ တာဝန်များ၊ ဝတ္တရားများ၊ မိမိနိုင်ငံ တိုးတက်အောင်၊ မိမိနိုင်ငံ သာယာအောင် မည်သို့ကျင့်ကြံနေထိုင်အားထုတ်ရမည်တို့ကို အခြေခံပညာအဆင့်မှစ၍ သင်ကြားပေးရ မည်ဖြစ်ရာ ယခုပညာရေးစနစ်သစ်တွင် အဆိုပါဘာသာရပ်များ ပါဝင်လာ သည်ကို တွေ့ရသည်။
မျက်မှောက်ကာလ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာ ၌ ပြည်သူ ပြည်သားများ အမှိုက်ပစ်ခြင်းမှအစ အခြေခံကျသည့် အလေ့အကျင့်သာမက စည်းကမ်းစနစ်ကျနသော မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတော်ကို မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်မည်ဟူသည့် အလေ့အထ ကောင်းများ ထွန်းကားလာရေးစိတ်ဓာတ်များ ပွားများလာအောင်ကျောင်းသား ကျောင်းသူ ကလေးငယ်အရွယ်လေးများမှအစပြု၍ လေ့ကျင့်ပျိုးထောင်ပေးကြ မည်ဖြစ်သည်။
လူအများ၏စိတ်ဓာတ်ကို ပြောင်းလဲလာစေရေးဆောင်ရွက်ရာ တွင်အရွယ်ရောက်သူများ၏ စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲရန်မှာ ခက်ခဲလှပြီး ဦးနှောက်အသိအမြင် နုနယ်သေးသည့် ကျောင်းသားအရွယ် ငယ်ရွယ်သူများမှာ ပြုပြင်ပြောင်းလဲရလွယ်ကူပေရာ ထိုအရွယ်များမှစ၍ မြင့်မား သောစိတ်ဓာတ်များကို ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ အားလုံး သောလူတို့ လူ့ဘောင်လောကကို ဖြတ်သန်းကြရာတွင် ကောင်းသောအမွေအနှစ်များ လက်ဆင့်ကမ်းထားရစ်ခဲ့မည်ဟူသည့် မြင့်မြတ်သောစိတ်ထား များထားရှိကြမှ သာ တန်ဖိုးရှိသော လူသားများ၊ တာဝန်ကျေပွန်သောလူသားများဖြစ်ပေလိမ့်မည်။
လူ့ဘောင်လောကကို ယခင်နှင့်မတူ တိုးတက်တောက်ပြောင်သော လောကဖြစ်အောင် တည်ဆောက်နိုင်မှ သာလျှင် အစဉ်ထာဝရတည်တံ့ခိုင်မြဲသော သာယာလှပသည့်လောကကြီး ဖြစ်ထွန်းပေမည်။ သို့မဟုတ်ပါမူ လောကကြီးသည် ယခင်ကာလကထက်နိမ့်ကျသက်ဆင်းပြီး စိတ်ပျက်ဖွယ်ရာဖြစ်ပေလိမ့်မည်။ ပတ်ဝန်းကျင် ကောင်းမှ နိုင်ငံကောင်းအောင်တည်ဆောက်နိုင်မည်ဖြစ်၍ မိမိတို့ပတ်ဝန်းကျင်ကို သာယာလှပအောင်မြင့်မား သောစိတ်ဓာတ်များဖြင့် ဖန်တီးတည်ဆောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့သည် မိမိတို့၏ပတ်ဝန်းကျင်လောကနှင့် မိမိတို့နိုင်ငံသစ်ကို တည်ဆောက်နေသော အချိန်အခါဖြစ်၍ မိမိတို့၏ဟောင်းနွမ်း သောစိတ်ဓာတ်များ မပြောင်းလဲသေးသရွေ့ အမြင်မတင့်ဖွယ်ရာများရှိနေ မည်ဖြစ်သည်။ မိမိတို့၏စိတ်ဓာတ်များကို မြင့်မားသောစိတ်ဓာတ်များ အဖြစ်ပြောင်းလဲပြီး လောကသစ်၊ နိုင်ငံသစ်ကို တည်ဆောက်နိုင်ရန်အတွက်အခြေခံပညာအဆင့် ပညာရေးစနစ်သစ် ပြုပြင်ပြောင်းလဲမှုမှ တစ်ဆင့်စိတ်ဓာတ်များကို ပြောင်းလဲရမည်ဖြစ်ပါကြောင်း။
ကြေးမုံ