ဒေါက်တာမောင်သင်း

 

ကမ္ဘာကြီးကိုပြောင်းလဲဖို့ အစွမ်းထက်ဆုံးလက်နက်ဟာ ပညာရေးပါပဲ။

နယ်လ်ဆင်မန်ဒဲလား(တောင်အာဖရိကနိုင်ငံသမ္မတ)

 

မြင့်မားသည့် ပညာရေး၏ သဘော

 

ပညာရေးဟုဆိုလိုက်လျှင် ကျောင်းအမျိုးမျိုးနှင့် စာသင်ခန်း၊ ဆရာ ဆရာမနှင့် ကျောင်းသူ ကျောင်းသားများကိုသာ ပြေးမြင်နေကြသည်။ ကျောင်းမှာ ပညာသင်ခြင်းသည် ပညာရေးကို အကောင်အထည် ဖော်သည့် နည်းလမ်းသုံးသွယ်အနက်မှ တစ်နည်း သာ ဖြစ်ပါသည်။ ယင်းနည်းလမ်းသုံးသွယ်မှာ

 

(က) ကျောင်းသင်ပညာရေး (Formal Education)၊

(ခ) ကျောင်းပြင်ပ ပညာရေး (Non-formal Education)၊

(ဂ) တစ်သက်တာကိုယ်တိုင်သင်ယူပညာရေး  (Informal Education) တို့ ဖြစ်ပါသည်။

 

ကျောင်းသင်ပညာရေးမှာ စနစ်ကျ၏။ ဆရာ ဆရာမ၊ ကျောင်းသူ  ကျောင်းသား ကျောင်းနှင့် စာသင်ခန်း အတိအကျရှိ၏။ လူသား၏ အသက်အရွယ်နှင့်အညီ သင်ရိုးညွှန်းတမ်း၊ အချိန်ကာလ၊ အတန်းအဆင့် အရည်အသွေး ဆန်းစစ်မှုများဖြင့် “နိမ့်သောအသိမှ မြင့်ရာအသိအမြင်သို့၊ ကျဉ်းမြောင်းမှုအမြင်မှ ကျယ်ပြန့်မှုဆီ၊ လွယ်ကူရာမှ နက်နဲသည့် ဆင်ခြင်သုံးသပ်နိုင်စွမ်းသို့ သွား၏ ဖတ်စာအုပ်ထဲမှ စာလောက်ကိုသာ အလွတ်ကျက်ရုံ မျှလောက်ဖြင့် ဤကဲ့သို့ ဉာဏ်ရည်မြင့်သည့်အဆင့် ကို မရနိုင်၊ မတက်လှမ်းနိုင်ပေ။

 

ကျောင်းထွက်သွားလျှင်လည်း မိမိကိုယ်တိုင် တစ်သက်တာလေ့လာခြင်းဖြင့် ဆက်လက်ဖြည့်ဆည်းနေသူ ဖြစ်ရပါမည်။ သို့မှသာ တွေးခေါ်သုံးသပ်နိုင်မှုမြင့်မားသူ ဉာဏ်ရည်မြင့်လူသားအဖြစ် ဘဝတစ်လျှောက်လုံး ဆက်လက်ရပ်တည်နိုင်ပေ မည်။ ပတ်ဝန်းကျင်ရှိ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ သင်ယူခြင်းနှင့် စာဖတ်ခြင်းမှ တစ်ဆင့် ရယူခြင်းသည် တစ်သက်တာ ကိုယ်တိုင် သင်ယူသည့် ပညာရေးအမျိုးအစားဖြစ်ပါသည်။

 

 မြင့်မားသည့် ပညာရေးဆိုတာ ကျောင်းမှထွက်သွားလျှင် “ဆက်လက်သင်ယူလိုစိတ် ပြင်းပြသူ များ မွေးထုတ်ခြင်း (သို့) အထက်ပါအပိုဒ် (က) ကျောင်းသင်ပညာရေးမှသည် အပိုဒ်(ဂ) ဘဝ တစ်သက်တာ ကိုယ်တိုင်သင်ယူပညာရေးသို့ တစ်သက်လုံး ကူးပြောင်းလေ့လာနိုင်သူများ၊ တစ်နည်းအားဖြင့် ပညာနောက်သို့လိုက်၍ ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းနေသူများ ပေါ်ထွန်းလာရေးပါ။

 

“မြင့်မားသည့်ပညာရေး၏ ရလဒ်မှာ ကျောင်းက ထွက်သွားသူတိုင်းသည် ငါတို့မှာပညာပြီးဆုံးခြင်း မရှိသေးဟု ခံယူကာ တစ်သက်တာ ဆက်လက်သင်ယူမှုကို ပြုလုပ်နေရမည်ဟု ခံယူသွားသူများ ပွားများလာအောင် လေ့ကျင့်ပေးခြင်း” ပင်ဖြစ်ပါသည်။

 

နိုင်ငံတကာ၌ ထင်သာမြင်သာသည့် ဆက်လက် လေ့လာမှုကတော့ “စာဖတ်နာခြင်း” “စာဖတ်သည့် အထုံပါရမီ” ပါရှိသည့်လူများ ပေါကြွယ်ဝခြင်းပါ။ အပိုဒ် (ခ) ပညာရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့ မရောက်လာနိုင်သူများ၊ ကျောင်းမပြီးမီ ကျောင်းထွက်သွားသူများ ကျောင်းသင်ပညာရေး သင်ကြားမှု အခွင့်အရေးမဆုံးရှုံးရအောင် ကျောင်းပြင်ပတွင် သင်ကြားနိုင်ရန် စီစဉ်ထားသည့် ပညာရေးဖြစ်ပါသည်။

 

ပညာရေးအခြေမြင့်မှသာ လူ့အဖွဲ့အစည်းဝင့်ထည်နိုင်မှာ

 

ကမ္ဘာကြီးကို ပြောင်းလဲရန် ပညာရေးသည် အဓိကဆိုသော်ငြားလည်း နိမ့်ကျသည့် ပညာရေးဖြင့် အရာ မထင်နိုင်ပါ။ မြင့်မားသည့် ပညာရေးကသာ စွမ်းဆောင်နိုင်ပါလိမ့်မည်။ အကြမ်းဖျင်းအားဖြင့် “စာသင်တာ” “စာမေးပွဲရမှတ်ပြိုင်တာ” လောက်သာ ဦးစားပေးနေသော ပညာရေးမျိုးသည် မြင့်မားသည့် ပညာရေးမဟုတ်သည်မှာ သေချာသည်၊ ထိုပညာရေးမျိုးသည် “စာမေးပွဲတွင် အဆုံးသတ်၏”။ ဘဝတစ်သက်တာ သင်ယူမှု (life long lear-ning) အထိ ပါမသွားပေ။ ကျောင်းသင်စာလောက်သာ ဖတ်၏၊ ဘဝတစ်သက်တာသင်ယူမှု ဖြည့်ဆည်း လေ့လာမှုဖြစ်သည့် “စာဖတ်ခြင်း” အလုပ်ကို ဆက်မလုပ်ကြသည်က များ၏။

 

မြင့်မားသည့် ပညာရေးဆိုသည်မှာ ကျောင်းထွက်သွားလျှင် ကိုယ်တိုင်တစ်သက်တာ သင်ယူမှုကို ဆက်လုပ်နေသူများ၊ ဖြည့်ဆည်းနေသူများ နိုင်ငံမှာ ပေါကြွယ်ဝနေသည့် ပညာရေးမျိုးဖြစ်ပေသည်။ ထိုပညာရေး မျိုးကသာ “ပညာတတ် နိုင်ငံတော်” (Educated Nation) ဖြစ်ထွန်းစေသည်။ နိမ့်ကျသည့် ပညာရေးတွင် သင်ယူသူသည် မိမိ၏ အကျိုးစီးပွားလောက်သာ အလေးထား၏။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းအကျိုးစီးပွားကို ဆောင်ရွက်လိုစိတ် ပွားများအောင် လေ့ကျင့်ပေးမှုအားနည်း၏။ မြင့်မားသည့်ပညာရေးမှာ လူတစ်ဦးချင်း ထူးချွန်မှုမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံး အရည်အသွေး ပြည့်ဝမှုဆီကို ဦးတည်၏၊ ရမှတ်ကောင်းမှုထက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ မြင့်မားမှုကို ဦးစားပေးသည်။

 

ဆိုလိုသည်မှာ လူ့အဖွဲ့အစည်းဝင်များ၊ နိုင်ငံသားအားလုံး၏ “ကျိုးကြောင်းဆင်ခြင် ဝေဖန် သုံးသပ်နိုင်စွမ်း ဉာဏ်ရည်မြင့်မားမှု”ကို ဖော်ဆောင်စေသည်။ ဘဝတစ်သက်တာသင်ယူမှုဟုဆိုသည့် စာဖတ်ခြင်းအလုပ်ကို အထုံအဖြစ်ပါလာမှ ဖြည့်ဆည်းသက်ရှိလာ၏၊ ထိုမှတစ်ဆင့် ရင့်ကျက်မှု ကိုရ၏၊ သို့မှသာ နိုင်ငံသားတိုင်းသည် သူ့ဘက် ကိုယ့်ဘက် တွေးတတ်၊ စာနာတတ်မည်။ ကိုယ်ချင်း စာစိတ်ပွားမည်။ အဆိုပါစိတ်ထားများ ပြည့်လျှမ်း နေသည့် လူ့အဖွဲ့အစည်းဖြင့်သာ နိုင်ငံ၏ငြိမ်းချမ်းမှု ကို ဖော်ဆောင်နိုင်ပေမည်။

 

ကြံစည်တွေးခေါ်မြော်မြင်မှု ရင့်သန်စေရန် လေ့ကျင့်ပေးသည့် ပညာရေးမျိုးကသာ နိမ့်ကျ သည့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းသာယာအောင်၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပြောင်းလဲနိုင်မည့် အစွမ်းထက် လက်နက်အဖြစ် ပေါ်ထွန်းလာနိုင်ပါသည်။ သို့ဖြစ်၍ သမ္မတကြီး နယ်လ်ဆင်မန်ဒဲလား၏ အဆိုမှာပါသည့် “ပညာရေး” ကိုရှေ့မှ “မြင့်မားသည့်” နာမဝိသေသစကားလုံးလေး ထပ်ဖြည့်ပြီး “မြင့်မားသည့်ပညာရေး” ဟု ပြင်ဆင် ပါရစေ။ “နိုင်ငံ့ပညာရေးအခြေမြင့်မှသာ မြန်မာ့ လူ့အဖွဲ့အစည်းဝင့်ထည်နိုင်မှာ” ဟူသည့် ဆောင်ပုဒ် ကလေးကိုလည်း အဆိုပြုလိုက်ချင်ပါသည်။ ပညာ ရေးသည် အစွမ်းထက်လက်နက်အဖြစ် အသုံးပြုနိုင်ရန် မြင့်မားသည့်ပညာရေးကို ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း မဖြစ်မနေ ဖော်ဆောင်သင့်သည် ဟု မြင်မိသည်။

 

နိုင်ငံရေးကျိန်စာသင့်လျှင် နိုင်ငံဖွံ့ဖြိုးမှုမရှိ

 

ကျွန်တော်တို့နိုင်ငံ၏ ယနေ့ဖြစ်ပေါ်နေသော အခြေအနေများနှင့် နိုင်ငံဖွံ့ဖြိုးမှု၏ ခလုတ်တံသင်း များအကြောင်းကို မိတ်ဆွေများနှင့် ပညာရေးနှင့် စာပေရေးရာရှုထောင့်မှ သုံးသပ်မိသမျှ မျှဝေလိုပါ သည်။ မိတ်ဆွေများက ယနေ့နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် မငြိမ်သက်မှုများသည် “စာပေနှင့် မီဒီယာ အဆိပ်သင့်ခြင်း” ဒဏ် ခံရမှုပါဟု ရှုမြင်ပါကြောင်း ဆွေးနွေးကြပါသည်။

 

 စာပေအဆိပ်သင့်ခြင်းတွင် ဝါဒ၊ အယူအဆ၊ အတွေးအခေါ်များထဲမှ တစ်မျိုးတည်းကိုသာ အကောင်းဆုံးဟု ရေးသားခြင်း (သို့) ငါ့ဝါဒ၊ ငါ့အယူ အဆသည် အခြားအယူအဆနှင့် နှိုင်းစရာမရှိဟု ဝါဒဖြန့်နေခြင်းနှင့် တည်ဆဲအစိုးရ (သို့) ခိုင်မာသော နိုင်ငံတည်ဆောက်ရေး အဖွဲ့အစည်းတစ်ခုခုကို သွေးကွဲအောင် အပြစ်ပုံချနေမှုများကြောင့်ဟု ဆွေးနွေးကြပါသည်။ မှန်သင့်သလောက် မှန်ပေသည်။ တကယ့်အရင်းအမြစ်မှာ လူတစ်ဦးချင်းမှ သည် လူ့အဖွဲ့အစည်းတစ်ခုလုံး ပညာကိုယ်ခံ အားနည်း၍သာ စာပေနှင့် မီဒီယာကဝင်ရောက် အဆိပ်ခတ်နိုင်ခြင်းဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ကျွန်ဖြစ်ရသည်အထိ “နိုင်ငံရေးကျိန်စာသင့်ခဲ့ခြင်း” သည် နိုင်ငံ့ပညာရေးနိမ့်၍ နိုင်ငံသားများ ဉာဏ်ရည် နိမ့်ကျခြင်းကြောင့်ဖြစ်ပါသည်။

 

နိုင်ငံရေးကျိန်စာသင့်ခဲ့လျှင် နိုင်ငံသည်လည်း မတည်မငြိမ်ဖြစ်၊ ဆူပူမှုတွေဖြစ်လာကာ နိုင်ငံဖွံ့ဖြိုးရေးကို မလုပ်နိုင်တော့ပေ။ ပညာရေးမြင့်ခဲ့လျှင် နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှုလည်း ကျွဲကူးရေပါ ဖြစ်လာပါလိမ့်မည်ဟု ကျွန်တော့်အမြင်ကို ဆွေးနွေးခဲ့ပါသည်။

 

မြန်မာ့သမိုင်းမှာ ပညာရေးနိမ့်၍ ကျွန်ဖြစ်ခဲ့ရခြင်း

 

ရင်းနှီးသည့်မိတ်ဆွေများနှင့် သမိုင်းဆရာများကို မေးကြည့်မိသည်။ မြန်မာတွေဘာကြောင့် ကျွန်ဘဝ ရောက်သလဲဆိုသည့် မေးခွန်းပါ။ စည်းလုံးညီညွတ်မှုကင်းမဲ့လို့၊ လက်နက်ခေတ်မမီလို့၊ နိုင်ငံရေးကို နိုင်ငံတကာနှင့်ယှဉ်၍ အမြင်ကင်းမှု၊ သုံးသပ်နိုင်မှုအားနည်းလို့ စသည်ဖြင့် သမားရိုးကျကြားနေရသည့် အဖြေများသာ ဖြေကြပါသည်။ သမိုင်းပါမောက္ခ (ငြိမ်း)တစ်ယောက်ကသာ “ပညာ ရေးကွာလို့” “ပညာရေးနိမ့်ကျလို့” ဟု ဖြေပါသည်။

 

ဘာကြောင့်လဲဟုမေးရာ ကျွန်တော်တို့က “ဘုန်းတော်ကြီးသင်ပညာရေး”ပဲ ရှိသေးတာ၊ ဥရောပတစ်ခွင်မှာက တက္ကသိုလ်ပညာရေးရှိခဲ့တာတောင် ရာစုနှစ်အတော်ကြာခဲ့ပြီ။ နိုင်ငံကာကွယ်ရေးမှာတောင် သူတို့ဆီမှာက စစ်တက္ကသိုလ်တွေရှိနေပြီ၊ ထင်ရှားတာက အင်္ဂလန်မှာ Royal Military Academy , Samdhurst (RMAS) (1802) ပါ။ ကျွန်တော်တို့ဆီမှာ မရှိဘူးလေတဲ့။ ယနေ့ကျွန်တော်တို့၏ တက္ကသိုလ်များနှင့် စစ်တက္ကသိုလ်များကိုလည်း သူတို့ကပဲ အစပျိုးခဲ့တာပါတဲ့။ ဂျပန်နိုင်ငံက မေဂျီ (Meiji) ဘုရင်ခေတ်နှင့်အပြိုင် မင်းတုန်းမင်း လက်ထက်တွင် ဥရောပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်ခဲ့သော်လည်း ပြန်လာသူတွေထဲမှ အတတ ပညာလောက်သာ သင်ယူခဲ့၏၊ ပြန်၍အသုံးချ၏၊ ကုန်းဘောင်နောက်ဆုံးခေတ်တွင် ဖန်ချက်စက်ရုံ၊ မဲနယ်စက်ရုံ၊ ဒင်္ဂါးသွန်းစက်ရုံ စသည်ဖြင့် ပေါ်ထွန်းခဲ့ပေသည်။ သို့သော် “မြန်မာ့ပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေးမှ အနောက်တိုင်းခေတ်မီပညာရေးသို့ မြှင့်တင်ရန် မကြိုးပမ်းခဲ့ကြပေ”၊ ကြိုးပမ်းခွင့်လည်း ရခဲ့ဟန်မတူခဲ့ပါ။ မြန်မာ့ပညာရေးမှာ နိမ့်ကျခဲ့သည်၊ နည်းပညာမှာလည်း ကွာခဲ့ပါသည်။

 

ပညာရေးနိမ့်ကျ၍ ကျွန်ဘဝသို့ မြန်မာနိုင်ငံရောက်ခဲ့ရပါသည်ဆိုသည့် သုံးသပ်ချက်ကို ကျွန်တော် လက်ခံပါသည်။ ပညာရေးနိမ့်၍ နိုင်ငံသားများ၊ အုပ်ချုပ်သူများ ပညာရည်ညံ့လာသောကြောင့် ထိုအချိန်က ပြည့်ရှင်မင်း၏ နိုင်ငံအုပ်ချုပ်ခွင့်အာဏာ (မင်းအာဏာ) နှင့် နိုင်ငံတည်မြဲမှု၊ နိုင်ငံ၏နယ်နိမိတ် တည်တံ့မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာခိုင်မြဲမှု ဘယ်အရာက ပိုအရေးကြီးပါသလဲ၊ ဘယ်အရာက ပိုမြင့်ပြီး အဓိကမဏ္ဍိုင်အဆင့်မှာ ရပ်တည်နေပါသလဲ၊ မင်းအာဏာဟူသည် နိုင်ငံဆိုတာရှိမှ၊ ပြီးတော့ထိုနိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲ နေမှ “ရနိုင်သည့်” “ရှိနိုင်သည့်” တစ်ဆင့်နိမ့်အရာပါ။

 

“နိုင်ငံတစ်နိုင်ငံတွင် ရှိကိုရှိရမည့် မူလအခြေခံ ပကတိတရားမှာ နိုင်ငံနယ်နိမိတ်နှင့် အချုပ်အခြာ အာဏာတည်မြဲမှုပါ၊ ယင်းပကတိတရားများ နိုင်ငံအတွင်း တည်မြဲရှင်သန်မှုက အဓိကပါ။” ဤအရေ ကို ပညာရည်နိမ့်၍ မင်းညီမင်းသားများမမြင်ကြ။ “နိုင်ငံ့အခြေခံ ပကတိတရားများဖြစ်သည့် နိုင်ငံ့ နယ်နိမိတ် တည်မြဲမှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုတို့ကို ပထမဦးစားပေးထိန်းသိမ်းရန် ကြိုးပမ်းကြရမည့်အစား မင်းညီမင်းသားများနှင့် မှူးကြီး၊ မတ်ရာအစုအဖွဲ့အသီးသီးသည် မင်းအာဏာကိုသာ စုပြုံတိုး၍ လုနေကြသည်။” အနှစ်ကိုပယ်၍ အကာကိုသာ အလေးပေးနေကြသည်။ အဓိကနှင့်သာမည ခွဲခြားနိုင်ခြင်း အားနည်းမှု၏ ရလဒ်မှာ နောက်ဆုံးတွင် ဘုရင်နှင့်မင်းညီမင်းသားများ၊ မှူးမတ်မှအစ နိုင်ငံသားအားလုံး ကျွန်ဖြစ်ခဲ့သည်။ ပို၍ဆိုးသည်မှာ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့သည့် “ထီးစဉ်၊ နန်းဆက်” ပျက်သုဉ်းခဲ့ခြင်းပါ။ “နောက်တစ်ကြိမ် ထပ်မှားခွင့် မရှိသည့် သမိုင်းသင်ခန်းစာပါ”။ မဖြစ်မနေ သင်ခန်းစာယူရ ပါမည်။

 

နောက်မျိုးဆက်တွေ သိကိုသိရမည့် သမိုင်းသင်ခန်းစာဖြစ်ပါသည်။ ပြီးလျှင် မမှားအောင် ကျင့်ကြံနိုင်အောင် ပညာရေးက လေ့ကျင့်ပေးရပါမည်။ ဤသို့ပညာရေး နိမ့်ကျ၍သာ ကျွန်ဘဝရောက်သည်အထိ “နိုင်ငံရေးကျိန်စာ သင့်ခံရမှု”ကို နောက်မျိုးဆက်များအားလည်း မသင်ပေးခဲ့။ ထို့အတူနိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲနေပါမှ မင်းအာဏာ ရှိမည်ဆိုသည့်အသိကို ယနေ့အထိ ကျောင်းသင်ခန်း စာများတွင်လည်း ထည့်သွင်း၍ သင်မပေးခဲ့ပါ။ ကျွန်တော့်အမြင်အားဖြင့် ကျွန်တော်တို့ နိုင်ငံသားတွေ ပညာရေးနိမ့်ကျ၍သာ ကျွန်လည်းဖြစ်ခဲ့၊ ပြီးတော့ အဆိုပါသင်ခန်းစာကို ယူတတ်အောင် နောက်မျိုးဆက်များကိုလည်း မသင်ပေးခဲ့၍သာ ယနေ့တိုင်လည်း နိုင်ငံသားများကို ခေတ်သစ်ကိုလိုနီ နယ်ချဲ့သမားများက အဝေးထိန်းနည်းဖြင့် “ကျွန် ဇာတ်သွင်း၊ အဆိပ်ခတ်နိုင်မှုကြောင့် နိုင်ငံရေး ကျိန်စာသင့်သည့်ဒဏ်ခံနေရခြင်း” ဟု မြင်မိပါသည်။

 

စာပေအဆိပ်သင့်နိုင်ကြောင်း သတိပေးခဲ့မှုရှိခဲ့သော်လည်း

 

နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ်တွင် ဦးနု နှင့် ဦးထွန်းအေးတို့က တည်ထောင်ခဲ့သည်။ ထိုစာအုပ်အသင်းက တော်လှန်ရေးနှင့် လက်ဝဲစာပေများကိုသာ သာသာထိုးထိုး ဘာသာပြန်ခဲ့ကြသည်။ ဤသည်ကို ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်က “စာပေတစ်မျိုးတည်း ဘာသာပြန်ရန်မသင့်၊ သုတ၊ ရသနှင့် အခြားစာမျိုးစုံကိုပါ ဘာသာပြန်သင့် ကြောင်း” သို့မဟုတ်လျှင် “စာပေအဆိပ်သင့်နိုင်ကြောင်း” သတိပေးခဲ့သည်ဟု မှတ်သားဖူးပါသည်။ သို့သော်လည်း တော်လှန်ရေးနှင့် လက်ဝဲစာပေများကိုသာ အလေးထား ဘာသာပြန်ခဲ့ကြပါသည်။ နဂါးနီစာအုပ်အသင်းကို ပံ့ပိုးသူများမှာ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်းတို့ ဖြစ်ကြသည်။ သူတို့သည်နောင်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ ထိပ်တန်းခေါင်းဆောင်များအဖြစ် ထင်ရှားလာသူများ ဖြစ်ပေသည်။

 

စာရေးဆရာ တော်တော်များများကလည်း “လက်ဝဲစာပေ”ကို အလေးထားညွှန်းဆိုခဲ့သည်။ ထင်ရှားသည့် သာဓကတစ်ခုမှာ “လက်ဝဲဝါဒလွှမ်းမိုးလျှင် ကမ္ဘာကြီး အမှန်အကျိုးများမည်” ဟူ၍ပင် စကားရည်လုပွဲ ကျင်းပခဲ့သည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကပါ။ မန္တလေးတက္ကသိုလ် အခန်း (၁-က) တွင် မန္တလေး တက္ကသိုလ် ရာဇဝင် အသင်းက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုဘက်မှ ပါဝင်သူများမှာ လူထုဦးလှ၊ လူထု ဒေါ်အမာနှင့် သူရိယဦးသန်းမောင်တို့ ဖြစ်ကြပါသည်။ အဆိုပါအဆိုရှင်များမှာ ယနေ့ထိနိုင်ငံကျော် စာရေးဆရာများစာရင်းတွင် ထိပ်ဆုံးမှာ ပါဝင်နေဆဲ ဖြစ်ပါသည်။ အချေဘက်မှ ပါဝင်သူများမှာ ဘီအိုင်အေ ဦးမောင်ကြီး၊ အထက်တန်း ရှေ့နေကြီး ဦးခင်မောင်ဒွေးနှင့် စီအီးအို ဦးဘကြည်ဆိုသူများ ဖြစ်ကြပါသည်။ အချေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ရာ အဆိုဘက်မှ မဲ ၂၇၀ ၊ အချေဘက်မှ ၁၆၅ မဲ ရသဖြင့် “လက်ဝဲဝါဒ လွှမ်းမိုးလျှင် ကမ္ဘာကြီး အမှန်အကျိုးများမည်” ဆိုသည့် အဆိုနိုင်သွားခဲ့ သည်။ ယနေ့ကမ္ဘာမှာ ကွန်မြူနစ်ဝါဒ မှေးမှိန်ခဲ့ပါပြီ။ “မဲများ၍ နိုင်တိုင်းလည်း အမှန်တရားမဟုတ်”ဟု သမိုင်းသင်ခန်းစာ ထားခဲ့ခြင်းဖြစ်ပါသည်။

 

“နဂါးနီစာအုပ်အသင်းသည် ထိုအချိန်က ကျွန်ဘဝရောက်နေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကို နိုင်ငံရေး အမြင်ကျယ်လာအောင်၊ ကျွန်ဘဝက လွတ်မြောက်လိုစိတ် မြင့်မားအောင်၊ ဇာတိသွေး ဇာတိမာန်များ တက်ကြွလာအောင်၊ နိုးကြားလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်”။ သို့သော်လည်း “လက်ဝဲစာပေဦးစားပေးမှု” ၏ ဘေးထွက်ဆိုးကျိုး အဖြစ် လွတ်လပ်ရေးရအပြီးတွင် ဝါဒစွဲကြီးမားကာ ဗမာပြည်ကွန်မြူနစ်များ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တောခို၍ ပြည်တွင်းသောင်းကျန်းမှုများ ကြီးထွားခဲ့ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် “ကိုလိုနီပညာရေးကြောင့် စာတတ်မြောက်မှုရာနှုန်းသည် ၃၇ ရာခိုင်နှုန်းခန့်”သာ ရှိခဲ့သည်။ စာမတတ်သူ များ၍ ကွန်မြူနစ်ဝါဒကောင်းကြောင်း ဟောပြောသူများ၏ ဝါဒမှိုင်းမိကုန်ကြသည်။ ထိုမှတစ်ဆင့် နိုင်ငံ ရေးကျိန်စာသင့်ခဲ့ကြသည်။ တကယ့်သမိုင်းဖြစ်ရပ်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကွန်မြူနစ်ထိပ်ခေါင် ရုရှား၊ အရှေ့ဥရောပနိုင်ငံတချို့နှင့် တရုတ်ပြည်တို့တွင်လည်း ကွန်မြူနစ်စနစ် မအောင်မြင်ခဲ့ပေ။ ကမ္ဘာ့သမိုင်းသက်သေပါ။

 

ဆက်လက်ဖော်ပြပါမည်