မြင်းမူ ဧပြီ ၁၂ ရက်
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ သောက်ရေသုံးရေ အခက်အခဲဖြစ်နေသော ဘုန်းတော်ကြီးကျောင်းများသို့ ရေများမပြတ်လပ်အောင် လှူဒါန်း ပေးလျက်ရှိရာ ဧပြီ ၁၁ ရက်က မြင်းမူမြို့အနောက်ပိုင်းကွက်ရှိ ကံသာဘုန်းတော်ကြီးကျောင်းသို့ ရေများ သွားရောက်လှူဒါန်း ပေးပို့ခဲ့ကြောင်း သိရသည်။
ယခုချိန်သည် အခါသင်္ကြန်ရက်ဖြစ်သည်နှင့်အညီ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်းဘောင်သို့ ဝင်ရောက်သူများ များပြားလျက်ရှိရာ ဆရာတော်သံဃာတော်များအတွက် ရေလိုအပ်မှုများကို ဌာနပိုင်ရေသယ်ယာဉ်များဖြင့် ယခုကဲ့သို့ ပေးပို့လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးထံမှ သိရသည်။
အခြားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရေလိုအပ်ချက်များရှိပါကလည်း ဆက်လက်လှူဒါန်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)