မြင်းမူ ၂၁ ဇူလိုင်
မြင်းမူမြို့နယ်အတွင်း ဇူလိုင် ၁၉ ရက်က ဧရာဝတီမြစ်ရေနှင့် မူးမြစ်ရေ ဝင်ရောက်လျက်ရှိပြီး မြင်းမူ-လက္ကပင် တာဘောင်နိမ့်ကျရာနေရာသို့ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ (၃၀) ခန့်က သဲဖို့ခြင်း၊ လက္ကပင် အခြေခံပညာ အလယ်တန်းကျောင်းရှိ ရေမျောပါနိုင်သော စာသင်ခုံ၊ စားပွဲ၊ ဘီဒိုများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
“မြင်းမူ အမှတ် (၁) အလယ်တန်းကျောင်းခွဲက ဒီနေ့ စပိတ်လိုက်ရတာ၊ အုန်းပင်၊ သာယာပေါင်းရှိ ကျောင်းတွေက မနက်ဖြန် ပိတ်ရတော့မယ်၊ ရေက တိုးနေတုန်း၊ ဘယ်ရက်မှ ပြန်ဖွင့်မယ်ဆိုတာက ရေဝင်ရောက်မှုအပေါ် မူတည်တယ်၊ အုန်းပင်/သာယာပေါင်း ကျောင်းတွေက KG တန်းပါတော့ အဲဒီကလေးတွေ ကျောင်းဝင်းထဲ ရေဝင်ပြီးဆို သွားရေး လာရေးအတွက် အတော်အခက်အခဲဖြစ်ရတယ်၊ ရေကျသွားရင်လည်း တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေ၊ အမှိုက်တွေ ရှင်းရအုံးမယ်၊ ကျောင်းတွေက ယာယီပိတ်ထားရတာ ဆရာ/မတွေက ကျောင်းမှာရှိနေမှာပါ” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်ဆောင် က ပြောသည်။
လက္ကပင် အလယ်တန်းကျောင်းဝင်းထဲသို့ ဇူလိုင် ၁၉ ရက်မှ စတင်ကာ ရေအနက် ၃ ပေအထိ ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် ရေထပ်တိုးလာ၍ ကျောင်းပိတ်လိုက်ရသည်။
ကျွဲရိုက်၊ ရွာသစ် အမကကျောင်း၊ ဆပ္ပန်းကုန်း အခြေခံပညာမူလွန်ကျောင်း၊ မြင်းမူ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ ဆိပ်သာ အမကကျောင်းတို့ကို ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။
ကိုကိုနိုင်(မြင်းမူ)