မြင်းမူ စက်တင်ဘာ  ၂၀

 

မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင်  အလွယ်တစ်ကူ စိုက်ပျိုးနိုင်ပြီး ဝင်ငွေရရှိနိုင်သည့် ကောက်ရိုးမှို လက်တွေ့စိုက်ပျိုးမှု  လက်တွေ့ပြသဆောင်ရွက်ခြင်းကို   စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာတွင် စက်တင်ဘာ(၂၀)ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           

ကောက်ရိုးမှိုပြုလုပ်ရာတွင်  ကုန်ကျစရိတ်သက်သာပြီး ရောင်းချရာတွင် အကျိုးအမြတ်ရကြောင်း၊   ကောက်ရိုး(သို့) ဂျပ်စက္ကူ (၁၀)ပိဿာစိုက်ပျိုးရန်အတွက်   အလျား(၁၃ပေ ၆လက်မ) အနံ(၄ပေ၆လက်မ) ဘောင်ပြုလုပ်ပြီး ဘောင်ဘေးပတ်လည်တွင် အနက်(၃လက်မ) အကျယ်(၃လက်မ) ရေမြောင်းထားရှိပေးရန် လိုအပ်ကြောင်း၊ အခြားလိုအပ်သည့် နွားချေး ၊ မှိုမျိုးစေ့ထုတ်၊ အမိုးအကာပြုလုပ်ရန် ပလတ်စတစ်စ၊ ဆန်ဖွဲနု၊ ခြဆေးနှင့်ကြက်ချေးများ သတ်မှတ်ထားသည့်အတိုင်း စုဆောင်းထားရှိပြီး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ပြုလုပ်ရန် လက်တွေ့ပြသပေးခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးပြီး(၁၅)ရက်အကြာတွင် ရောင်းတန်းဝင် မှိုကို ရရှိနိုင်မည်ဖြစ်ကြောင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲအောင်ထံမှ သိရှိရသည်။

 

           

အထက်ပါ ကောက်ရိုးမှို(သို့) ဂျပ်မှိုပြုလုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၁၂၀၀၀)ခန့်သာ ကုန်ကျမည်မည်ဖြစ်ပြီး တစ်ဘောင်စိုက်ပျိုးပါက မှို(၁၀)ပိသာခန့်ထွက်ရှိနိုင်ကြောင်း၊ ယခုအခါ မှို(၁)ပိသာဈေးမှာ ငွေကျပ်(၅၀၀၀)ကျော်ရှိသည့်အတွက် ငွေကျပ်(၅၀၀၀၀)ခန့် အကျိုးအမြတ်ရရှိနိုင်ကြောင်း သိရှိရ၍  ဒေသခံတောင်သူများက မှိုစိုက်ပျိုးနည်းနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားကြကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)