မြင်းမူ ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အခြေခံပညာ စာသင် ကျောင်း (၅)ကျောင်းကို ယနေ့ နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
ယခု ယာယီပိတ်ထားသော ကျောင်းများမှာ ဧရာဝတီမြစ်ကမ်းအနီးရှိ အမက(ရွာသစ်)၊ အမက(ဆိပ်သာ)၊ အလက(လက္ကပင်)၊ ဆပ္ပန်းကုန်း(မူလွန်)နှင့် မြို့ပေါ်အရှေ့ပိုင်းရပ်ကွက်မှ အလက(ခွဲ) ကျောင်းတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါကျောင်းများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ ၈၄၆ ယောက်ရှိပြီး ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင်းမူမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ မီတာရှိပြီး ယနေ့အချိန်ထိ ၁၁၄၆ မီတာသို့ ရောက် ရှိနေကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


